ကျားဖြန့်ဂိုဏ်းတွေရှိတဲ့ မြဝတီမြို့ဘက်ကို မီးဖြတ်ဖို့ ထိုင်းဝန်ကြီးချုပ် အမိန့်ပေး
- BVJ

- Feb 5, 2025
- 1 min read
BVJ/Moore _ ဖေဖော်ဝါရီ ၄ ၊ ၂၀၂၅

ထိုင်းနယ်စပ် မြန်မာနိုင်ငံ မြဝတီမြို့နယ်ထဲမှာရှိနေတဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းတွေရှိရာနေရာကို လောင်စာဆီနဲ့ လျှပ်စစ်မီး ပေးနေမှု ချက်ချင်းဖြတ်တောက်ဖို့ ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်က ဒီနေ့ ဖေဖော်ဝါရီ ၄ ရက်မှာ အတည်ပြုပေးခဲ့ပါတယ်။
ထိုင်းနိုင်ံကနေတဆင့် မြန်မာနိုင်ငံဘက်ခြမ်းကို ဝန်ဆောင်မှုပေးနေတဲ့ လျှပ်စစ်နဲ့ လောင်စာဆီတွေဟာ ကျားဖြန့်လုပ်ငန်းတွေအတွက် အထောက်အကူဖြစ်စေတာမျိုး ရှိနေတာကို ရှင်းရှင်းလင်းလင်း တွေ့နေရတယ်လို့ ပေထုန်တန်က ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။ ဒီလိုအထောက်အပံ့ဖြစ်နေစေတာတွေကို ဖြတ်တောက်ဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။
“ဒီနေ့ (ဖေဖော်ဝါရီ ၄) မှာ လျှပ်စစ်မီး ဖြတ်တောက်မှုတွေ လုပ်ဆောင်သွားမှာပါ။ အစိုးရအဖွဲ့အတွင်း ဆွေးနွေးသုံးသပ်မှုတွေ လုပ်ဆောင်ပြီးတာနဲ့ ဒီနေ့မှာ လျှပ်စစ်မီး ဖြတ်တောက်သွားမှာပါ” လို့ ပေထုန်တန်က ထိုင်းသတင်းမီဒီယာတွေရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားထားပါတယ်။

ထိုင်းနယ်စပ်တစ်လျှောက် မြန်မာဘက်ခြမ်းမှာရှိတဲ့ အဖွဲ့အစည်းပေါင်းစုံက ထိုင်းနိုင်ငံကနေတဆင့် ထောက်ပံ့ပေးနေတဲ့ လျှပ်စစ်နဲ့ လောင်စာဆီကို အားထားအသုံးပြုနေကြရတာလည်း ဖြစ်ပါတယ်။ ဘုရားသုံး ဆူမြို့အတွက် လျှပ်စစ်မီးနဲ့ရေကို ထိုင်းကနေ မြပန်းကုမ္ပဏီက တဆင့်ဖြန့်ဖြူးပေးနေတယ်လို့ သိရပါတယ်။
“ကျွန်မတို့ ပြည်သူတွေရဲ့ လုံခြုံရေးကို ဂရုစိုက်ရပါမယ်” လို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။ လူကုန်ကူးမှုနဲ့ ကျားဖြန့်ဂိုဏ်းတွေရဲ့ လုပ်ဆောင်မှုတွေဟာ ထိုင်းနိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ပုံရိပ်ကို ကြီးကြီးမားမား ထိခိုက်မှုရှိခဲ့တာလည်း ဖြစ်ပါတယ်။
ထိုင်းနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကို ထိခိုက်မှုရှိလာပါက ထိုင်းနယ်စပ်တစ်လျှောက် မြန်မာဘက်ခြမ်းကို လျှပ်စစ်ဝန်ဆောင်မှုပေးနေတာကို ခရိုင်လျှပ်စစ်အာဏာပိုင် (PEA) အနေနဲ့လည်း ရပ်တန့်ရမယ်လို့ ကာကွယ်ရေးဝန်ကြီးလည်းဖြစ်၊ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်တဲ့ Phutham Wechayachai ကလည်း ပြောကြားထားပါတယ်။
Ref: Bangkok Post.




Comments