top of page

ချင်းမိုင်မှာအဖမ်းခံလိုက်ရတဲ့ မြန်မာလူငယ် ၂၇ယောက်ကို ပြစ်ဒဏ်ပေးပြီးမြန်မာနိုင်ငံပြန်ပို့ဖို့အမိန့်ချ

Writer: BVJ
BVJ
8 hours ago
1 min read

စစ်မှုထမ်းထဲခေါ်ဆောင်သွားမှာကို လူငယ်တွေစိုးရိမ်

ယူဂရင်း/BVJ_အောက်တိုဘာ ၂၂၊ ၂၀၂၆

ချင်းမိုင်ဘူတာမှာ ၃၅ယောက်ပါအဖွဲ့ကိုဖမ်းဆီးခဲ့ကြောင်း မဲ့ပင်းရဲစခန်းကထုတ်ပြန်ထားပုံ။
ချင်းမိုင်ဘူတာမှာ ၃၅ယောက်ပါအဖွဲ့ကိုဖမ်းဆီးခဲ့ကြောင်း မဲ့ပင်းရဲစခန်းကထုတ်ပြန်ထားပုံ။

ထိုင်းနိုင်ငံ၊ဘန်ကောက်မှာအလုပ်လုပ်ရဖို့အတွက်ပွဲစားဆီငွေပေးပြီး ထိုင်းနိုင်ငံထဲကိုဝင်ရောက်လာတဲ့ မြန်မာလူငယ် ၂၇ယောက်ပါအဖွဲ့ကို ထိုင်းနိုင်ငံ၊ချင်းမိုင်မြို့ မီးရထားဘူတာမှာ ရဲတပ်ဖွဲ့ကဖမ်းဆီးပြီး မနေ့က အောက်တိုဘာ ၂၁ရက်မှာတော့အမိန့်ချလိုက်မှတ်လိုက်ပါတယ်။


ချင်းမိုင်၊မဲ့ပင်းရဲစခန်း(Mae Ping)ကရဲတပ်ဖွဲ့ဝင်တွေဟာ ချင်းမိုင်မီးရထားဘူတာစင်္ကြံတွေကို ရှောင်တခင်ဝင်ရောက်ရှာဖွေစစ်ဆေးရာကနေ ထိုင်းနိုင်ငံထဲကိုအထောက်အထားမဲ့ဝင်ရောက်လာတဲ့ လူ ၃၅ယောက်ပါအဖွဲ့ကိုဖမ်းဆီးမိခဲ့တာဖြစ်ပြီး အဲ့ဒီထဲမှာမြန်မာလူငယ် ၂၇ယောက်ပါဝင်ခဲ့တာပါ။


သူတို့တွေကို ဖမ်းဆီးပြီးအချုပ်ချတရားစွဲဆိုထားရာကနေ ထောင်ဒဏ်လေးလနဲ့ဒဏ်ငွေ ဘတ်နှစ်ထောင်(မြန်မာကျပ် သုံးသိန်းခန့်)ကိုကျခံဖို့အမိန့်ချမှတ်ခဲ့တာဖြစ်ပြီး အဲ့ဒီထဲမှာထောင်ဒဏ်လေးလကလျော့ပေါ့ပြစ်ဒဏ်ထဲမှာပါဝင်သွားတာကြောင့် ဒဏ်ငွေနှစ်ထောင်သာဆောင်ရဖို့ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ဒဏ်ငွေ ဘတ်နှစ်ထောင်ကိုပေးဆောင်ဖို့ မြန်မာနိုင်ငံသား ၂၇ယောက်အနေနဲ့မတတ်နိုင်တာကြောင့် အဲ့ဒီအစား တစ်ရက်ကိုဘတ်ငါးရာနဲ့တွက်ပြီး ထောင်လေးရက်ကျခံဖို့ တရားရုံးကအမိန့်ချမှတ်ခဲ့တယ်လို့ အဲ့ဒီအမှုကိုလိုက်ပါကူညီဆောင်ရွက်ပေးနေသူတွေကပြောပါတယ်။


ထောင်လေးရက်ကျခံပြီးနောက်မှာတော့ ထိုင်းလဝကအနေနဲ့ သူတို့ကိုမယ်ဆိုင်-တာချီလိတ်ကနေတဆင့် မြန်မာနိုင်ငံကိုပြန်ပို့သွားမှာဖြစ်ပြီး မြန်မာဘက်ပြန်ပို့တဲ့အချိန်မှာစစ်မှုထမ်းထဲခေါ်ဆောင်သွားမှာကို အဲ့ဒီမြန်မာလူငယ် ၂၇ယောက်ကစိုးရိမ်မှုတွေရှိနေတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေဆီကတဆင့်သိရပါတယ်။


ဖမ်းဆီးခံလိုက်ရတဲ့ မြန်မာနိုင်ငံသား ၂၇ယောက်ထဲမှာ အမျိုးသမီးလူငယ်တွေလည်းပါဝင်ပြီး သူတို့အားလုံးဟာ ဘန်ကောက်-မဟာချိုင်-ချွန်ဘူရီဘက်မှာအလုပ်လုပ်ရဖို့အတွက် ပွဲစားကို ငွေကျပ် သိန်း၃၀-၃၅သိန်းအထိပေးကာ ထိုင်းနိုင်ငံတွင်းကိုဝင်ရောက်လာသူတွေဖြစ်ကြောင်းနဲ့ ဘန်ကောက်-မဟာချိုင်-ချွန်ဘူရီကိုထွက်ဖို့ ချင်းမိုင်ဘူတာမှာစောင့်ဆိုင်းနေချိန်မှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။


မြန်မာနိုင်ငံမှာ ၂၀၂၁ခုနှစ်စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ အလုပ်အကိုင်အခွင့်အလမ်းရှားပါးလာသလို အသက်၁၈နှစ်ကနေ ၃၅နှစ်အတွင်းလူငယ်အားလုံး မဖြစ်မနေစစ်မှုထမ်းရမယ်ဆိုပြီး စစ်အုပ်စုဘက်ကပေါ်တာဆွဲဖမ်းဆီးနေတာတွေကြောင့်လည်း လူငယ်အများစုဟာ ပြည်ပကိုရရာနည်းလမ်းနဲ့ထွက်ပြေးတိမ်းရှောင်မှုတွေ ရှိလာပါတယ်။


ထိုင်းနိုင်ငံထဲ အကြောင်းအမျိုးမျိုးကြောင့်ဖမ်းဆီးထောင်ချခံရသူတွေကိုလည်း ထိုင်းအစိုးရက အာဏာသိမ်းအစိုးရနဲ့ဆက်သွယ်ကာ မြန်မာပြည်ပြန်ပို့နေတာဖြစ်ပြီး ပြန်ပို့ခံရသူတွေထဲကတချို့ဟာလည်း စစ်တပ်ရဲ့စစ်မှုထမ်းစုဆောင်းခံရသူတွေထဲပါသွားတာတွေရှိနေတယ်လို့ အလုပ်သမားအရေးကူညီဆောင်ရွက်နေသူတွေကပြောထားကြပါတယ်။



Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page