ကျားဖြန့်ဂိုဏ်းတွေကနေ သိမ်းဆည်းရမိတဲ့ပစ္စည်းတွေကို လွှဲပြောင်းပေးဖို့ တရုတ်တောင်းဆို
- BVJ

- Mar 19, 2025
- 1 min read
BVJ/အိုင်းရစ် _ မတ် ၁၃ ၊ ၂၀၂၅

ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကို၊ KK Park နဲ့ ကျောက်ခတ်တို့မှာရှိတဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းတွေက သိမ်းဆည်းရရှိထားတဲ့ ကွန်ပျူတာ၊ ဖုန်းနဲ့ ဆက်စပ်ပစ္စည်းတွေကို လွှဲပြောင်းပေးဖို့ တရုတ်အစိုးရက တောင်းဆိုထားတယ်လို့ ကရင်နယ်ခြားစောင့်တပ် (BGF) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က မနေ့ မတ်လ ၁၂ ရက်မှာ ပြောပါတယ်။
မြဝတီမြို့နယ်အတွင်းက ကျားဖြန့်ဂိုဏ်းတွေကို နှိမ်နင်းရေးစီမံချက်အတွင်း ကျားဖြန့်လုပ်ငန်း လုပ်ကိုင်ခဲ့တဲ့ အဆောက်အဦးတွေကို ချိတ်ပိတ်ခဲ့ပြီး ကွန်ပျူတာ၊ ဖုန်း၊ အင်တာနက်သုံးပစ္စည်းနဲ့ အခြားဆက်စပ်ပစ္စည်းတွေကို BGF က မီးရှို့ဖျက်ဆီးဖို့ ပြင်ဆင်ထားခဲ့ချိန် တရုတ်အစိုးရက ယင်းဆက်စပ်ပစ္စည်းတွေကို လွှဲပြောင်းပေးဖို့ တောင်းဆိုခဲ့တာလည်း ဖြစ်ပါတယ်။
“သူတို့ (တရုတ်အစိုးရ) က ဒါတွေကို ပြန်လွှဲပေးဖို့ အကူအညီတောင်းထားတယ်။ ဒါတွေ ပြန်လွှဲပေးနိုင်ဖို့ ဒီမှာ ထားရှိထားတယ်။ ဒီအဆောက်အဦးတွေကတော့ ကျားဖြန့်နဲ့ပတ်သက်တာတွေ တွေ့ရှိတဲ့အတွက် ချိတ်ပိတ်ထားတာပါ”လို့ BGF ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က သတင်းမီဒီယာတွေကို ပြောပါတယ်။
လက်ရှိသိမ်းဆည်းထားတဲ့ ဖုန်းအရေအတွက် ထောင်နဲ့ချီရှိနေပြီး လက်ရှိအချိန်ထိ ကွန်ပျူတာနဲ့ ဖုန်းထဲမှာရှိတဲ့ အချက်အလက်တွေကို BGF အနေနဲ့ ဝင်ရောက်ကြည့်ရှုတာမျိုးမရှိဘဲ သက်ဆိုင်ရာနည်းပညာတွေ စစ်ဆေးပြီးမှသာ အချက်အလက်တောင်းယူကြည့်ရှုတာမျိုး လုပ်ဆောင်သွားတာမျိုး ရှိနိုင်မယ်လို့ ဒုဗိုလ်မှူးကြီး နိုင်မောင်ဇော်က ပြောပါတယ်။
လက်ရှိ BGF က ထိန်းသိမ်းထားတဲ့ နိုင်ငံခြားသားတွေကို သက်ဆိုင်ရာနိုင်ငံအသီးသီးက အမြန်ဆုံးပြန်လည်ခေါ်ယူဖို့ကိုလည်း တောင်းဆိုထားပြီး လက်ရှိမှာ ထိန်းသိမ်းထားတဲ့လူဦးရေ အရမ်းများပြားနေတာကြောင့် အခက်အခဲဖြစ်ပေါ်နေပြီး ကျားဖြန့်နှိမ်နင်းရေးကို ရပ်တန့်ထားရတယ်လို့လည်း သိရပါတယ်။ ကျားဖြန့်နှိမ်နင်းရေးအထူးတပ်ဖွဲ့က ကွယ်ပျောက်သွားမှာမဟုတ်သလို ကျားဖြန့်နှိမ်နင်းရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်သွားမယ်လို့လည်း သိရပါတယ်။














Comments