ကျားဖြန့်က AI နည်းပညာအသုံးပြုပြီး ထိုင်းဝန်ကြီးချုပ်ကို ဖုန်းခေါ်ဆို
- BVJ

- Jan 15, 2025
- 1 min read
BVJ/အိုင်းရစ် _ ဇန်နဝါရီ ၁၅ ၊ ၂၀၂၅

အွန်လိုင်းငွေကြေးလိမ်လည်မှုနဲ့ လောင်းကစားလုပ်ငန်း (ကျားဖြန့်) က AI ကို အသုံးပြုပြီး ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်ဆီ ဖုန်းဆက်သွယ်အလှူခံတာမျိုး လုပ်ဆောင်ခဲ့တယ်လို့ ထိုင်းသတင်းဌာနက Khaosod English က ဖော်ပြထားပါတယ်။
ကျားဖြန့်လုပ်ငန်းလို့ယူဆရတဲ့ အဖွဲ့အစည်းတစ်ခုက AI (ဉာဏ်ရည်တုနည်းပညာ) ကို အသုံးပြုပြီး နိုင်ငံတစ်ခုရဲ့ခေါင်းဆောင် ဟန်ဆောင်ကာ ထိုင်းအစိုးရအနေနဲ့ အခြားအာဆီယံနိုင်ငံခေါင်းဆောင်တွေလို သူ့နိုင်ငံကိုလည်း ငွေကြေးလှူဒါန်းဖို့ အသံမက်ဆေ့ချ် ပို့ခဲ့တယ်လို့ ပေထုန်တန်က ထိုင်းမီဒီယာတွေကို ဒီနေ့ ဇန်နဝါရီ ၁၅ ရက်မှာ ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ သူ့ဖုန်းကို ပို့လာတဲ့အသံမက်ဆေ့ချ်ရဲ့ ဖုန်းအကောင့်နံပါတ်ဟာ သူ သိထားတဲ့နိုင်ငံခေါင်းဆောင်ရဲ့ ဖုန်းနံပါတ်နဲ့ နိုင်ငံချင်း မတူနေတာကို သတိထားမိခဲ့တာလည်းဖြစ်ပါတယ်။ အဲဒီနောက် သူ့ဆီ ဆက်သွယ်လာတဲ့ အကောင့်နံပါတ်နဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံ နည်းပညာဝန်ကြီးဌာန ဝန်ကြီး Prasert Chantararuanthong ကို စစ်ဆေးပေးဖို့ကိုလည်း အသိပေးခဲ့တယ်လို့ ပေထုန်တန်က ပြောပါတယ်။
အခုလိုဖြစ်စဉ်မျိုး သူ့ရဲ့ဖခင်ဖြစ်သူ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်လည်း ပြည်ပရောက်နေချိန် ကြုံခဲ့ရဖူးပြီး သက်ဆင်ရဲ့ ပိုင်ဆိုင်မှုတွေကို ပြည်သူတွေကို မျှဝေပေးဖို့ ဆက်သွယ်ပြောဆိုခဲ့ဖူးကြောင်းလည်း ပေထုန်တန်က မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။
အခုလအတွင်း ထိုင်းနိုင်ငံထဲမှာ ဖြစ်ပွားခဲ့တဲ့ တရုတ်ခရီးသည်တွေ လူကုန်ကူးခံရမှုအခြေအနေနဲ့ပတ်သက်ပြီး ထိုင်းအစိုးရက အလေးထားလုပ်ဆောင်နေတာတွေလည်း ရှိနေပါတယ်။ တရုတ်မင်းသား ဝမ်ရှင်းအပါအဝင် အခြားတရုတ်လူမျိုးတွေ လူကုန်းကူခံရမှုနဲ့ ကျားဖြန့်လုပ်ငန်းဖြစ်စည်တွေအတွင်း တရုတ်ခရီးသည်တွေ ထိုင်းနိုင်ငံကို လာရောက်ဖို့ စိုးရိမ်နေရတာကြောင့် ထိုင်းခရီးသွားလုပ်ငန်းမှာလည်း အကျပ်အတည်းတွေ ကြုံနေရပါတယ်။




Comments