ကျုံဒိုးမြို့မှာ စစ်ကောင်စီတပ်နဲ့မွန်ပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်ကသေဆုံးသူ များပြား
- BVJ

- May 8
- 1 min read
BVJ/ဇော် - မေ ၈ ၊ ၂၀၂၅

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျုံဒိုးမြို့၊ နွားခြံကုန်းကျေးရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်က (၃၀) ဦးခန့် သေခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) က ဒီနေ့ မေလ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
ဧပြီ ၃၀ ရက်နေ့မှာ နွားခြံကုန်းကျေးရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပွဲပြီး စစ်ကောင်စီတပ်က ဒုတပ်ရင်းမှူးအပါအဝင် (၃၀) ဦးခန့်သေဆုံးမှုရှိခဲ့တယ်လို့ ထုတ်ပြန်ထားတာပါ။
တိုက်ပွဲဟာ တနင်္သာရီတိုင်း ကမ်းရိုးတမ်းစစ်ဌာနချုပ် စစ်ကောင်စီ လက်အောက်ခံတပ်တွေ၊ တပ်မ ၂၂၊ တပ်မ ၄၄ လက်အောက်ခံတပ်တွေနဲ့ ကရင်အမျိုးသားလွတ်လပ်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ဟာ မနက် ၇ နာရီကနေစပြီး ၁၀ နာရီကြာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီစစ်ကြောင်းပျက်ကာ နောက်ဆုတ်သွားခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး Burma VJ က အတည်ပြုသိရှိနိုင်ဖို့အတွက် MLA ဘက်ကိုဆက်သွယ်မေးမြန်းခဲ့ပေမယ့် ထုတ်ပြန်ပြောဆိုခွင့်မရှိပါဘူးလို့သာ အကြောင်းပြန်ခဲ့ပါတယ်။
တိုက်ပွဲအတွင်း မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)၊ မွန်ပြည်သစ်ပါတီခွဲထွက် (NMSP-AD)၊ ပျံလွှားစစ်ကြောင်း၊ Lion Battalion တို့ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီနေ့အထိ တိုက်ပွဲဖြစ်ပွားမှုရှိနေတာကြောင့် ဒေသခံတွေအနေနဲ့စစ်ရေးသတင်းတွေကို မျက်ခြေမပြတ်ဖို့နဲ့ စစ်ကောင်စီရဲ့လက်နက်ကြီး၊ လေယာဉ်ရန်ကို ကာကွယ်နိုင်တဲ့နေရာတွေမှာ နေထိုင်ကြဖို့လည်း MLA က သတိပေးထားပါသေးတယ်။







Comments