ကျောက်နီမော်ကို မီးလောင်တိုက်သွင်းတာဟာ စစ်ကောင်စီရဲ့သူရဲဘောကြောင်တဲ့လုပ်ရပ်လို့ AA ပြော
- BVJ

- Jan 10, 2025
- 1 min read
ကလေးငယ်တွေနဲ့ သက်ကြီးပိုင်း အများဆုံးသေဆုံးခဲ့
BVJ/ထက်အောင် _ ဇန်နဝါရီ ၁၀ ၊ ၂၀၂၅

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် သေဆုံးသူ (၄၀) ကျော်ရှိခဲ့ပြီး အများစုဟာ ကလေးသူငယ်တွေနဲ့ သက်ကြီးပိုင်းတွေဖြစ်တယ်လို့ သိရပါတယ်။ မီးလောင်ကျွမ်း သေဆုံးခဲ့သူအချို့ရဲ့အလောင်းကို ပြန်လည်ရရှိပေမဲ့ ဘယ်သူဘယ်ဝါဆိုတာ ခွဲခြားလို့မရတဲ့အခြေအနေတွေ ရှိနေတယ်လို့လည်း သိရပါတယ်။
ကျောက်နီမော်ရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် မီးလောင်တိုက်သွင်းတဲ့လုပ်ရပ်ဟာ အထူးယုတ်မာရက်စက်ပြီး သူရဲဘောကြောင်တဲ့လုပ်ရပ်ဖြစ်သလို စစ်ကောင်စီခေါင်းဆောင်တွေဟာ နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ မူဝါဒမရှိသေးဘူးဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြနေတာဖြစ်တယ်လို့ အာရက္ခတပ်တော် (AA) သတင်းပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက Burma VJ ကို ပြောပါတယ်။
“ဘာတိုက်ပွဲမှမရှိဘဲ တည်ငြိမ်အေးချမ်းတဲ့နေရာက အရပ်သားပစ်မှတ်တွေကို ပစ်ခတ်တိုက်ခိုက် မီးလောင်တိုက်သွင်းပစ်တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့လုပ်ရပ်ဟာ အထူးယုတ်မာရက်စက် သူရဲဘော်ကြောင်သူတွေရဲ့ လူမဆန်တဲ့လုပ်ရပ် ဖြစ်ပါတယ်။ ဒါဟာ ဆိုးရွားတဲ့ စစ်ရာဇဝတ်မှုဖြစ်သလို ဂျီနီဗာကွန်ဗင်းရှင်းကိုလည်း ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီရဲ့ ဒီဆိုးရွားတဲ့ အကြမ်းဖက်မှု၊ စစ်ရာဇဝတ်မှု ဆက်တိုက်ကျူးလွန်မှုတွေကြည့်ရင် သူတို့ဖက်ဆစ် စစ်ခေါင်းဆောင်တွေဘက်မှာ နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ မူဝါဒမရှိသေးဘူးဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြနေတာ ဖြစ်ပါတယ်” လို့ ဦးခိုင်သုခက ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတာမျိုးမရှိတဲ့ ကျောက်နီမော်ရွာကို ဇန်နဝါရီ ၈ ရက် နေ့လယ် ၁ နာရီ ၂၀ မိနစ်ဝန်းကျင်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး အိမ်ခြေ ၅၀၀ ကျော် မီးလောင်ပျက်စီးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူ ၂၀ ကျော်အထိ ရှိခဲ့ပါတယ်။ ကျောက်နီမော်ရွာဟာ အစ္စလာမ်ဘာသာဝင် အများစုနေထိုင်ရာ ဒေသတစ်ခုဖြစ်ပြီး လူနေထူထပ်တဲ့ ကျေးရွာကြီးတစ်ခုလည်းဖြစ်ပါတယ်။
မီးလောင်ကျွမ်းမှုအတွင်း သေဆုံးခဲ့တဲ့ ကလေးသူငယ်အများစုဟာ မီးလောင်ပျက်စီးခဲ့တာကြောင့် ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ပြီး တချို့မီးလောင် သေဆုံးအလောင်းတွေကို ကောက်ယူဖို့တောင်ခက်ခဲတယ်လို့ ရခိုင်ဒေသတွင်း သတင်းဌာနတွေကလည်း ဖော်ပြထားပါတယ်။ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းမှုနဲ့ သေဆုံးသူများပြားခဲ့သလို ပျောက်ဆုံးသူတွေလည်း ရှိနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။
အမ်းမြို့နယ်နဲ့ ဂွမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်အတွင်း မြို့ပေါင်း ၁၄ မြို့ကို သိမ်းယူထားတဲ့ အာရက္ခတပ်တော် (AA) နဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) တို့က ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၉ ရက်မှာ ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီး လက်ရှိမြန်မာနိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ အမြဲတမ်း အသင့်ရှိနေတယ်လို့ ဖော်ပြထားပါတယ်။




Comments