ကျောက်တော်နဲ့ ရသေ့တောင်ကို စစ်ကောင်စီ ၃ ရက်ဆက်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၂၀ သေဆုံးပြီး ၄၀ နီးပါး ထိခိုက်ဒဏ်ရာရ
- BVJ

- May 16, 2025
- 1 min read
BVJ/ထက်အောင် _ မေ ၁၆ ၊ ၂၀၂၅

ရခိုင်ပြည်နယ် ကျောက်တော်မြို့နဲ့ ရသေ့တောင်မြို့တို့ကို စစ်ကောင်စီက လေကြောင်းကနေ ၃ ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၂၀ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၇ ဦးအထိရှိခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ထားတဲ့စာရင်းတွေအရ သိရပါတယ်။
အရပ်သားပြည်သူတွေကို ပစ်မှတ်ထားကာ မြို့ပေါ်နဲ့ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံနေအိမ်ပျက်စီးမှု ၆၀ နီးပါးအထိရှိခဲ့ပြီး သေဆုံးခဲ့သူတွေထဲမှာ ၂ နှစ်အရွယ်နဲ့ ၁၀ နှစ်အရွယ် ကလေး ၂ ဦးတို့လည်းပါဝင်ခဲ့ပါတယ်။ ဒါ့အပြင် ထိခိုက်ဒဏ်ရာသူ ၃၇ ဦးထဲမှာလည်း ၁၀ နှစ်အောက်ကလေးငယ် ၆ ဦးအပါအဝင် ကလေးငယ် ၁၁ ဦးအထိရှိခဲ့တယ်လို့ သိရပါတယ်။
သုံးရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရသေ့တောင်မြို့နယ်မှာ သေဆုံးသူအများအဆုံးရှိခဲ့ပြီး ထွန်းရဝေရွာ(ဟောင်း)ကို အခု မေ ၁၃ ရက်မှာစစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ချိန် ကလေးအပါအဝင် အရပ်သားပြည်သူ ၁၂ ဦး သေဆုံးခဲ့ပြီး ၂၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာလည်းဖြစ်ပါတယ်။
ဒါ့အပြင် မေလ ၁၄ ရက်နဲ့ ၁၅ ရက်မှာလည်း ကျောက်တော်မြို့နယ် ရပ်ကွက်တွေကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုထပ်မံလုပ်ဆောင်ခဲ့တာကြောင့် ကလေးအပါအဝင် အရပ်သားပြည်သူ ၈ ဦး ထပ်မံသေဆုံးခဲ့ပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ AA ရဲ့ ထိခိုက်သေဆုံးစာရင်းများအရ သိရပါတယ်။
ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကို ထိန်းချုပ်ထားတဲ့ AA တပ်တော်က ကျန်ရှိနေသေးတဲ့ ကျောက်ဖြူမြို့ကို ထိုးစစ်ဆင်မှုတွေ ဆက်လက်လုပ်ဆောင်နေပြီး ကျောက်ဖြူအနီးဝန်းကျင်ကို သိမ်းယူထားနိုင်ချိန် တိုက်ပွဲဖြစ်ပွားတာမျိုးမရှိတဲ့ ကျောက်တော်နဲ့ ရသေ့တောင်တို့က မြို့၊ ရွာတွေကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။




Comments