top of page

ကျောက်ဆည်ခရိုင်တပ်ရင်းမှူး ကိုစစ်နိုင်ကို NUG MOD က ဖမ်းဆီးတာဟာ အာဏာရှင်ဆန်တဲ့လုပ်ရပ်လို့ PRF Kyaukse ပြော

  • Writer: BVJ
    BVJ
  • May 2
  • 1 min read

BVJ/အိုင်းရစ် _ မေ ၂ ၊ ၂၀၂၅


ဓာတ်ပုံ - ရင်ငြိမ်းမိုး ကဗျာ
ဓာတ်ပုံ - ရင်ငြိမ်းမိုး ကဗျာ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ကနေ နုတ်ထွက်ထားတဲ့ မန္တလေးတိုင်း ကျောက်ဆည်ခရိုင် အမှတ် ၂ တပ်ရင်းက တပ်ရင်းမှူး ကိုစစ်နိုင်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ NUG MOD ဒုတိယအတွင်းဝန်လည်းဖြစ်၊ ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်တဲ့ ဦးမောင်မောင်ဆွေက Burma VJ ကို ဒီနေ့ မေလ ၂ ရက်မှာ အတည်ပြုပြောပါတယ်။


“စစ်ဥပဒေ၊ စစ်စည်းကမ်းတွေကို ချိုးဖောက်လို့ ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်တယ်၊ စစ်ဆေးမှုတွေကို စတင်ဆောင်ရွက်နေပြီဖြစ်ပါတယ်၊ ဒီကိစ္စနဲ့ပတ်သတ်လို့ မမှန်မကန် ပူးပေါင်းဆောင်ရွက်နေသူများကိုလည်း ဆက်လက်အရေးယူဆောင်ရွက်သွားဖို့ ရှိပါတယ်” လို့ ဦးမောင်မောင်ဆွေက ပြောပါတယ်။


တပ်ရင်းမှူး ကိုစစ်နိုင်ကို NUG MOD က ဖမ်းဆီးထိန်းသိမ်းထားတာနဲ့ပတ်သက်ပြီး သူ့ရဲ့လုံခြုံရေးကို စိုးရိမ်ပူပန်မိကြောင်းနဲ့ ဖမ်းဝရမ်းမပါဘဲ ဖမ်းဆီးသွားတာဟာ အာဏာရှင်ဆန်တဲ့လုပ်ရပ်ဖြစ်တယ်လို့ People Revolution Force Kyaukse (PRF Kyaukse) က ဒီနေ့ မေလ ၂ ရက်မှာ ထုတ်ပြန်လာပါတယ်။


“MOD ရဲ့ ဘယ်တပ်ရင်းက လာဖမ်းတယ်ဆိုတာရယ်၊ ဘာဝရမ်း ဘာစာမှထုတ်ပြန်ပြီးလာဖမ်းတာမျိုး မရှိတာဟာ ယနေ့ချိန်အထိပါ။ တိကျတဲ့အချက်လည်း မသိရသေးပါဘူး။ ဗျူဟာမှူးက စစ်ရေးကိစ္စနဲ့စကားပြောချင်ပါတယ်ဆိုပြီး ခေါ်ဆောင်သွားတာပါ။ အဲ့ဒီညမှာပဲ ကျောက်ဆည်တပ်ရင်း ၁ ရင်းမှူးကတဆင့် MOD က ကျွန်တော်တို့တပ်ရင်းမှူးကို ထိန်းလိုက်ပြီဆိုပြီး သိရပါတယ်။ MOD က အကြောင်းကြားခိုင်းလို့ တပ်ရင်း ၁ ရင်းမှူးက ကျွန်တော်တို့ တပ်ရေးတာဝန်ခံကို ဆက်သွယ်အကြောင်းကြားခဲ့တာပါ” လို့ ကျောက်ဆည်ခရိုင် အမှတ် ၂ တပ်ရင်း တာဝန်ရှိသူတစ်ဦးကလည်း Burma VJ ကို ပြောပါတယ်။




တပ်ရင်းမှူး ကိုစစ်နိုင်ကို NUG MOD ဗျူဟာမှူးတစ်ဦးက လာရောက်ခေါ်ဆောင်ချိန် ပုဂ္ဂိုလ်ချင်းရင်းနှီးနေတာကြောင့် ယုံကြည်မှုနဲ့လိုက်ပါသွားပြီး လုံခြုံရေးအစောင့်အရှောက်ကို မခေါ်ဆောင်သွားခဲ့ဘူးလို့လည်း သိရပါတယ်။


တပ်ရင်းမှူးတစ်ယောက်ကို ပြစ်မှုထင်ရှားခြင်းမရှိဘဲ NUG MOD စစ်ရုံးချုပ်အနေနဲ့ အခုလို ခေါ်ဆောင်သွားတာဟာ ကြောင်းကျိုးဆီလျော်တဲ့လုပ်ရပ်မဟုတ်သလို တပ်ရင်းမှူး ကိုစစ်နိုင်နဲ့ အဆက်အသွယ်မရရှိတော့တာကြောင့် သူ့ရဲ့ လုံခြုံရေးနဲ့ ကျန်းမာရေးအခြေအနေကို စိုးရိမ်ပူပန်မိတယ်လို့ ကျောက်ဆည်ခရိုင် အမှတ် ၂ တပ်ရင်းက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ကျောက်ဆည်ခရိုင် အမှတ် ၂ တပ်ရင်းဟာ NUG MOD လက်အောက်မှာ ၂၀၂၃ ဖေဖော်ဝါရီလကတည်းကရှိနေခဲ့တာဖြစ်ပြီး အခုနှစ် ဧပြီ ၂၁ ရက်မှာ NUG MOD အောက်ကနေ နုတ်ထွက်ခဲ့တာလည်း ဖြစ်ပါတယ်။ NUG MOD နဲ့ ဆက်လက်ချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်ဖို့အတွက် ကိစ္စအချို့ကျန်ရှိနေတာကြောင့် နုတ်ထွက်ရတဲ့အကြောင်းရင်းကို အချိန်ကာလတစ်ခု အသိပေးထုတ်ပြန်မယ်လို့လည်း ဖော်ပြထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ-Logo-001.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma.[2] The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country,[4] physically or over the Internet.

© 2025 by burmavj media

bottom of page