ကျောက်ကြီးမြို့နယ်ထဲက စစ်ကောင်စီခြေကုပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းယူ
- BVJ
- May 2
- 1 min read
BVJ/ထက်အောင် _ မေ ၂ ၊ ၂၀၂၅

ပဲခူးတိုင်း အရှေ့ခြမ်း တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီခြေကုပ်စခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်တွေက သိမ်းယူနိုင်ခဲ့တယ်လို့ ဒီနေ့ မေလ ၂ ရက်မှာ တောင်ပိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲက ထုတ်ပြန်လာပါတယ်။
စစ်ကောင်စီ အမှတ် ၆၀ နဲ့ အမှတ် ၇၃ ခြေလျင်တပ်ရင်း ပူးပေါင်းတပ်တွေ ခြေကုပ်ယူထားတဲ့ ကျောက်ကြီးမြို့နယ် နောင်ကုန်းရွာ၊ ရင်းတိုက်ကုန်းရွာ၊ ရန်မျိုးအောင်ရွာ၊ ရွာကြီးအင်းရွာ၊ တမာခေါရွာ၊ ကျွန်းကုန်းရွာနဲ့ တောင်စုရွာတို့က တပ်စခန်းတွေကို KNLA ၊ PDF ပူးပေါင်းတပ်တွေက ဧပြီ ၂၈ ရက် နံနက်ပိုင်းမှာ တပြိုင်ထဲ တိုက်ခိုက်သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
ယင်းစစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန (ပဲခူး)၊ ဗျူဟာ (၂၄)၊ ဗျူဟာ (၂၅)၊ အမှတ် (၇၈၀၃)တပ်ရင်း(အာဠာဝကစစ်ကြောင်း)၊ အမှတ် (၃၅၀၃)တပ်ရင်း၊ နဂါးနီစစ်ကြောင်း၊ ရန်ကုန် (ပကဖ) တိုက်ခိုက်ရေးတပ်ဖွဲ့ (၃)၊ ဧရာဝတီ အမှတ် (၃)တပ်ရင်း၊ အမှတ် (၃၇၀၂)တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်း၊ Spring Warrior Column၊ အမှတ် (၁၈၀၅) ဒရုန်းအထူးတပ်ဖွဲ့၊ ဗျူဟာ (၂၅၊၂၆) ဒရုန်းတပ်ဖွဲ့၊ တိုင်းလက်နက်ကြီးတပ်ဖွဲ့တို့နဲ့ KNLA တပ်ရင်း (၈)၊ တပ်ရင်း (၉) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ဒုတိယတပ်ရင်းမှူးတစ်ဦးနဲ့ အရန်ခံဗိုလ်တစ်ဦးအပါအဝင် ၂၀ ကျော် သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူများပြားခဲ့ပြီး လက်နက် ၃၀ ကျော်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီခြေကုပ်စခန်းတွေကို သိမ်းယူမှုအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းအခြေအနေကိုတော့ မသိရသေးပါဘူး။
ကျောက်ကြီးမြို့နယ် ကျေးရွာတွေမှာ စစ်ကောင်စီက တပ်စွဲထားတာကြောင့် ဒေသခံပြည်သူအများအပြား နေရပ်စွန့်ခွာ တိမ်းရှောင်နေရတာတွေလည်း ရှိနေပါတယ်။
Comments