အစ္စရေး-အီရန်စစ်ပွဲမှာ အမေရိကန်ပါဝင်လာမှုဟာ ဒေသတွင်းအခြေအနေကို ပိုမိုဆိုးရွားစေတယ်လို့ ကုလပြော
- BVJ

- Jun 22, 2025
- 1 min read
BVJ/Moore _ ဇွန် ၂၂ ၊ ၂၀၂၅

အစ္စရေး-အီရန်စစ်ပွဲထဲ အမေရိကန်ပါဝင်လာချိန် ဒါဟာ ဒေသတွင်းစစ်ရေးတင်းမာမှုအခြေအနေကို ပိုမိုဆိုးရွားစေခဲ့ပြီး နိုင်ငံတကာငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို တိုက်ရိုက်ခြိမ်းခြောက်မှုဖြစ်စေခဲ့တယ်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး အန်တိုနီယိုဂူတာရက်က ပြောကြားလာပါတယ်။
အစ္စရေး-အီရန်စစ်ပွဲထဲကို အမေရိကန်ဝင်ပါလာမှုဟာ ကမ္ဘာကြီးနဲ့ ဒေသတွင်းပြည်သူတွေအတွက် နောက်ဆက်တွဲကပ်ဘေးဆိုးကျိုးတွေသာဖြစ်ပေါ်စေမှာဖြစ်ပြီး ပဋိပက္ခတွေကို ထိန်းချုပ်လို့မရတော့တဲ့ အခြေအနေထိ ဖြစ်လာနိုင်တယ်လို့ ဂူတာရက်က သတိပေးထားပါတယ်။
ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ တင်းမာမှုတွေကို လျှော့ချပြီး ကုလသမဂ္ဂပဋိညာဉ်ပါအချက်တွေနဲ့ နိုင်ငံတကာဥပဒေတွေကို လိုက်နာကြဖို့ကိုလည်း ဂူတာရက်က တောင်းဆိုထားပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခအခြေအနေတွေဟာ စစ်ရေးနဲ့ဖြေရှင်းလို့မရနိုင်ဘဲ သံတမန်ရေးနည်းလမ်းအရသာ ဆောင်ရွက်သင့်ပြီး ဒါဟာ ငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်ဖြစ်နိုင်မယ်လို့လည်း သူက ဆက်ပြောပါတယ်။
“အီရန်နိုင်ငံကို အမေရိကန်က အင်အားသုံးတိုက်ခိုက်ခဲ့တာကြောင့် အထူးစိုးရိမ်မိပြီး ဒါဟာ ဒေသတွင်း စစ်ရေးတင်းမာမှုအခြေအနေကို အဆုံးစွန်ထိတွန်းပို့လိုက်သလိုဖြစ်ခဲ့ပြီး နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်မှုလည်း ဖြစ်စေခဲ့ပါတယ်” လို့ ကုလအတွင်းရေးမှူးချုပ် ဂူတာရက်က ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ အီရန်အနေနဲ့ စစ်ပွဲကို ချက်ချင်းရပ်ရမယ်လို့ ပြောဆိုခဲ့ပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကတော့ ထရမ့်ရဲ့ စစ်ပွဲထဲပါဝင်လာတဲ့ ဆုံးဖြတ်ချက်နဲ့ အီရန်နျူကလီးယားအဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောဆိုခဲ့ပါတယ်။
အီရန်မှာရှိတဲ့ နျူကလီးယားစီမံကိန်းနေရာ ၃ ခုကို အမေရိကန်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ဗင်နီဇွဲလား၊ မက္ကဆီကိုနဲ့ ကျူးဘား စတဲ့ ကမ္ဘာ့နိုင်ငံအချို့ကလည်း ကန့်ကွက်ရှုတ်ချမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ဆုံးဖြတ်ချက်နဲ့ အီရန်ကို တိုက်ခိုက်ခဲ့မှုအပေါ် အမေရိကန်လွှတ်တော်အတွင်း ဒီမိုကရက်တစ်၊ ရီပတ်ဘလင်ကန်အမတ်တွေအကြား သဘောထားကွဲလွဲမှုတွေရှိနေခဲ့ပြီး ရွေးကောက်ပွဲအနိုင်ရ ရီပတ်ဘလင်ကန်အမတ်အချို့ကလည်း ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံသူတွေရှိနေသလို ကန့်ကွက်သူတွေလည်း ရှိနေခဲ့ပါတယ်။
အီရန်က နျူကလီးယာစီမံကိန်းအဆောက်အအုံတွေ တိုက်ခိုက်ခံရပြီးနောက် အီရန်ခေါင်းဆောင် အယာတိုလာခါမေနီကလည်း အီရန်အနေနဲ့ ဘယ်တော့မှ အညံ့ခံမှာမဟုတ်သလို အမေရိကန်အနေနဲ့ စစ်ပွဲထဲ ပါဝင်လာတာကြောင့် အမေရိကန်နိုင်ငံသားတိုင်းဟာ အီရန်ရဲ့ စစ်ရေးပစ်မှတ်အဖြစ် ရှိနေပြီး လက်စားချေတုံ့ပြန်သွားမယ်လို့ ဆိုထားပါတယ်။
Ref: AP, Reuters, CNA




Comments