top of page

တရုတ်နိုင်ငံတော်ညစာစားပွဲမှာ အီလွန်မက်စ်နဲ့တင်မ်ကွတ်ကြားထိုင်နေတဲ့ အမျိုးသမီးက ဘယ်သူလဲ

  • Writer: BVJ
    BVJ
  • 1 day ago
  • 1 min read

အေတီ/BVJ

Lens Technologyကုမ္ပဏီ ဥက္ကဋ္ဌကျိုးကွမ်ဖေးကို တက်စ်လာတည်ထောင်သူ အီလွန်မတ်စ်၊ Apple CEO တင်မ်ကွတ်တို့နဲ့အတူ ကြာသပတေးညက တရုတ်နိုင်ငံတော်ညစာစားပွဲမှာအတူတွေ့ရစဥ်
Lens Technologyကုမ္ပဏီ ဥက္ကဋ္ဌကျိုးကွမ်ဖေးကို တက်စ်လာတည်ထောင်သူ အီလွန်မတ်စ်၊ Apple CEO တင်မ်ကွတ်တို့နဲ့အတူ ကြာသပတေးညက တရုတ်နိုင်ငံတော်ညစာစားပွဲမှာအတူတွေ့ရစဥ်

တရုတ်နိုင်ငံတော်ညစာစားပွဲမှာ Appleကုမ္ပဏီအမှုဆောင်အရာရှိချုပ် တင်မ်ကွတ် (Tim Cook)နဲ့ Teslaတည်ထောင်သူ အီလွန်မတ်စ် (Elon Musk)တို့ကြား ထိုင်ခွင့်ရခဲ့တဲ့အမျိုးသမီးက Lens Technologyကုမ္ပဏီဥက္ကဋ္ဌ ကျိုးကွမ်ဖေး (Zhou Qunfei)ဖြစ်ပါတယ်။ သူ့ရဲ့နောက်ကြောင်းကိုပြန်ကြည့်ရင် သူဟာရှန်ကျန်းစက်ရုံအလုပ်သမားဘဝကနေ ကိုယ်တိုင်ကြိုးစားအားထုတ်ပြီး တရုတ်နိုင်ငံရဲ့အချမ်းသာဆုံး အမျိုးသမီးတစ်ဦးဖြစ်လာခဲ့တဲ့သူပါ။


အခုခရီးစဉ်အတွင်း တရုတ်သမ္မတရှီကျင့်ဖျင်က အမေရိကန်သမ္မတဒေါ်နယ်ထရမ့်အတွက် ကြာသပတေးညကတည်ခင်းဧည့်ခံခဲ့တဲ့ နိုင်ငံတော်ညစာစားပွဲမှာ ကျိုးကွမ်ဖေးဟာ သူ့ရဲ့အရေးအပါဆုံးဖောက်သည်နှစ်ဦးဖြစ်တဲ့ တင်မ်ကွတ်နဲ့ အီလွန်မတ်စ်တို့အကြားမှာထိုင်ခွင့်ရခဲ့ပါတယ်။


အဲ့ဒီညစာစားပွဲကို Xiaomiတည်ထောင်သူလေကျင်း (Lei Jun)၊ Lenovo ဥက္ကဋ္ဌ ယန်ယွမ်ချင်း (Yang Yuanqing)နဲ့ ByteDanceအမှုဆောင်အရာရှိချုပ်လျန်ရူဘို (Liang Rubo)အပါအဝင် တရုတ်စီးပွားရေးထိပ်သီးများစွာလည်းတက်ရောက်ခဲ့ကြပါတယ်။

________________________________________

စက်ရုံအလုပ်သမားဘဝကနေ ဘီလီယံနာဖြစ်လာသူ

ကျိုးကွမ်ဖေး နဲ့ Appleကုမ္ပဏီအမှုဆောင်အရာရှိချုပ် ဂျက်ဖ်ဝီလျံတို့ touchscreen စက်ရုံတစ်ခုမှာအတူတွေ့ရစဥ်
ကျိုးကွမ်ဖေး နဲ့ Appleကုမ္ပဏီအမှုဆောင်အရာရှိချုပ် ဂျက်ဖ်ဝီလျံတို့ touchscreen စက်ရုံတစ်ခုမှာအတူတွေ့ရစဥ်

ကျိုးကွမ်ဖေးကို ၁၉၇၀ ပြည့်နှစ်မှာဟူနန်ပြည်နယ်ကဆင်းရဲတဲ့ မိသားစုကနေ မွေးဖွားခဲ့ပါတယ်။ အသက် ၁၅ နှစ်မှာကျောင်းထွက်ခဲ့ရပြီး ရှန်ကျန်းမြို့က စက်ရုံတွေမှာအလုပ်စဝင်ခဲ့ပါတယ်။ ၁၉၉၃ ခုနှစ် အသက် ၂၃ နှစ်အရွယ်မှာ ဆွေမျိုးအချို့နဲ့အတူ နာရီမှန်တွေပေါ်မှာပုံနှိပ်တဲ့လုပ်ငန်းငယ်တစ်ခုကိုစတင်ခဲ့ပြီး၊ ဆယ်စုနှစ်တစ်ခုအကြာမှာ Lens Technologyကိုတည်ထောင်နိုင်ခဲ့ပါတယ်။


၂၀၀၇ ခုနှစ် အိုင်ဖုန်း (iPhone)စတင်ပေါ်ပေါက်လာချိန်မှာ Appleကုမ္ပဏီ အပိုပစ္စည်းထောက်ပံ့ရေးကွင်းဆက် (Supply Chain)ထဲကို ဖုန်းကာဗာမှန် (Cover Glass)ပံ့ပိုးသူအဖြစ် စတင်ဝင်ရောက်နိုင်ခဲ့ရာကနေ သူရဲ့ကုမ္ပဏီဟာလည်းအရှိန်အဟုန်နဲ့တိုးတက်လာခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ရှန်ကျန်းစတော့ရှယ်ယာစာရင်းဝင်ခဲ့ပြီး၊ ၂၀၂၅ ခုနှစ်မှာတော့ ဟောင်ကောင်မှာအများပိုင်ကုမ္ပဏီအဖြစ်တိုးချဲ့နိုင်ခဲ့ပါတယ်။ လက်ရှိမှာ သူ့ရဲ့ကုမ္ပဏီတန်ဖိုးက ယွမ် ၁၈၀ ဒသမ ၆ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၆ ဘီလီယံခန့်)ထိရှိနေပါပြီ။


AIနဲ့အာကာသနည်းပညာ ခြေလှမ်းသစ်များ

Lens Technology ကုမ္ပဏီ သူရဲ့ရုံးခန်းထဲမှာ
Lens Technology ကုမ္ပဏီ သူရဲ့ရုံးခန်းထဲမှာ

Lens Technology ကုမ္ပဏီဟာ အရင်ကအီလက်ထရွန်နစ်ပစ္စည်းတွေပဲ ထုတ်လုပ်ခဲ့ရာကနေ အခု"AI ဟတ်ဒ်ဝဲထုတ်လုပ်မှုကွင်းဆက်တစ်ခုလုံးအတွက် အစအဆုံးဝန်ဆောင်မှုပေးသူ"ဖြစ်လာဖို့ကြိုးပမ်းနေပါတယ်။ သူတို့ကုမ္ပဏီရဲ့ လုပ်ငန်းနယ်ပယ်က စမတ်ဖုန်းတွေကနေ AIမျက်မှန်တွေ၊စမတ်ယာဉ်တွေ၊ လူသားတူစက်ရုပ်တွေနဲ့ စီးပွားဖြစ်အာကာသလုပ်ငန်းတွေအထိ ကျယ်ပြန့်လာခဲ့ပါတယ်။


Teslaကုမ္ပဏီမဲ့ ၂၀၁၆ ခုနှစ်ဝန်းကျင်ကတည်းကစတင်လက်တွဲခဲ့ပြီး၊ မကြာသေးမီက သူတို့ကုမ္ပဏီရဲ့ထုတ်ပြန်ချက်အရ "မြောက်အမေရိကက အဓိကဖောက်သည်ကြီး" တစ်ဦးအတွက် ဂြိုဟ်တုဖမ်းစက်အစိတ်အပိုင်းတွေ၊ လူသားတူစက်ရုပ်တွေနဲ့ အာကာသသုံးအလွန်ပါးလွှာသောမှန်ချပ်တွေကို ထုတ်လုပ်ပေးနေကြောင်းသိရပါတယ်။ အဲ့ဒီဖောက်သည်က အီလွန်မတ်စ်ရဲ့ SpaceXနဲ့ Optimus စက်ရုပ်လုပ်ငန်းတွေကိုရည်ညွှန်းတယ်ဆိုတာ ရင်းနှီးမြှုပ်နှံသူတွေက ယူဆထားကြပါတယ်။


ဒါပေမယ့်၂၀၂၆ ခုနှစ်၊ပထမသုံးလပတ်မှာ စမတ်ဖုန်းနဲ့ကွန်ပျူတာရောင်းအား ကျဆင်းမှုကြောင့် ကုမ္ပဏီရဲ့ဝင်ငွေမှာ ၁၇ ရာခိုင်နှုန်းခန့်လျော့ကျခဲ့ပြီး အရှုံးပေါ်တဲ့ အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။


ခရက်ဒစ်- South China Morning Post

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page