မြန်မာစစ်ခေါင်းဆောင်ကိုဖိတ်ခေါ်မယ့် မလေးရှားဝန်ကြီးချုပ်ရဲ့အစီအစဥ်ကို လူ့အခွင့်အရေးရှေ့နေ လာတီဖာ ကိုယာက ပြင်းပြင်းထန်ထန်ရှုတ်ချ

အေတီ/BVJ_စက်တင်ဘာ ၂၀၊ ၂၀၂၆

မြန်မာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို မလေးရှားနိုင်ငံကိုတရားဝင်လာရောက်လည်ပတ်ဖို့ဖိတ်ကြားပြီး စစ်အုပ်စုနဲ့သံတမန်ရေးအရထိတွေ့ဆက်ဆံဖို့ တိုက်တွန်းခဲ့တဲ့ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ကို လူ့အခွင့်အရေးရှေ့နေ လာတီဖာ ကိုယာ (Latheefa Koya)ကပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ပါတယ်။
ဒါ့အပြင် မလေးရှားနိုင်ငံမှာရှိတဲ့ရိုဟင်ဂျာ ၅,၀၀၀ကို မြန်မာနိုင်ငံကိုပြန်ပို့ဖို့အတွက် မင်းအောင်လှိုင်ရဲ့ စစ်အုပ်စုနဲ့သဘောတူညီပြီးသားဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့မှာပြုလုပ်ခဲ့တဲ့ ပေါ့စ်ကတ်အင်တာဗျူးတစ်ခုမှာ အန်ဝါအီဘရာဟင် ပြောကြားခဲ့တာကိုလည်း သူမကပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။
လာတီဖာ ကိုယာဟာ မလေးရှားအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် (MACC) ရဲ့ အကြီးအကဲဟောင်းဖြစ်သလို ရှေ့နေနဲ့လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးဖြစ်ပြီး ၂၀၁၅ ခုနှစ်မှာ အန်ဝါ ဒုတိယအကြိမ်အကျဉ်းကျခံရချိန်က သူ့ရဲ့ရှေ့နေအဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ခဲ့ဖူးပါတယ်။
စစ်အုပ်စုရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကို အဆုံးသတ်စေမယ့်နည်းလမ်းဆိုပြီး စစ်ရာဇဝတ်မှုကျုးလွန်ထားတဲ့ မြန်မာစစ်ခေါင်းဆောင်ကိုဖိတ်ခေါ်မယ့်အပေါ် "အစ္စရေးနဲ့ရော ထိတွေ့ဆက်ဆံချင်သေးလို့လား"လို့ လာတီဖာကမေးခွန်း ထုတ်ခဲ့ပါတယ်။
"ဒီဆင်ခြေအတိုင်းဆိုရင် ပါလက်စတိုင်းတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေကိုအဆုံးသတ်ဖို့ရော အစ္စရေးအစိုးရနဲ့သံတမန်ရေးအရ ထိတွေ့ဆက်ဆံမှာလား။ ဘာကြောင့်လဲဆိုတော့ ရိုဟင်ဂျာနဲ့ ပါလက်စတိုင်းတွေကြုံတွေ့နေရတဲ့ ကံကြမ္မာတွေဟာ နိုင်ငံတကာကစွန့်ပစ်ခံထားရတဲ့ အစိုးရတွေရဲ့လက်ချက်ကြောင့်ဖြစ်ရတာခြင်းမှာ အလွန်တရာဆင်တူနေလို့ပါပဲ"လို့ သူမကပြောပါတယ်။
မလေးရှားနိုင်ငံရှိ ရိုဟင်ဂျာတွေအပေါ် အွန်လိုင်းကတဆင့် လူမျိုးရေးမုန်းတီးမှုကိုလှုံ့ဆော်နေတဲ့လှုပ်ရှားမှုကို ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်ကထောက်ခံသလိုဖြစ်စေခဲ့တဲ့အပေါ် လူ့အခွင့်အရေး ရှေ့နေ လာတီဖာ ကိုယာ (Latheefa Koya)က ပြင်းပြင်းထန်ထန်ရှုတ်ချခဲ့ပါသေးတယ်။
ကိုယ်ကျင့်တရားဆိုင်ရာခေါင်းဆောင်မှုကိုပြသရမယ့်အစား အန်ဝါဟာ "လူမျိုးရေးမုန်းတီးသူတွေနဲ့ လူထုအလယ်မှာမုန်းတီးရေးဝါဒဖြန့်နေသူတွေရဲ့ ရွံစရာကောင်းတဲ့အမြင်တွေနဲ့စကားတွေကို ထပ်ဆင့်ပြောဆိုနေတာပါပဲ" လို့ သူမက ဝေဖန်ခဲ့ပါတယ်။
"ရိုဟင်ဂျာတွေက သူတို့အတွက် စီးပွားရေးအရခြိမ်းခြောက်မှုတစ်ခုဖြစ်စေတယ်လို့ဆိုတဲ့ အသိပညာနည်းပြီးလျစ်လျူရှုတတ်တဲ့ လူ့အဖွဲ့အစည်းရဲ့ အချို့သောအပိုင်းတွေက တိုင်တန်းချက်တွေဟာ အခြေအမြစ်မရှိပါဘူး"လို့ သူမက ပြောကြားခဲ့ပြီး အန်ဝါရဲ့ရပ်တည်ချက်ဟာ သူဟာ "ဘယ်လိုပြုပြင်ပြောင်းလဲရေးသမားမှ မဟုတ်တော့ဘူး”ဆိုတာကိုပြသနေကြောင်း ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။
မြန်မာစစ်အုပ်စုရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုကြောင့်ထွက်ပြေးလာကြရပြီး မလေးရှားနိုင်ငံမှာရောက်ရှိနေကြတဲ့ ရိုဟင်ဂျာတွေအနေနဲ့နေရပ်လည်းပြန်လို့မလွယ်၊ မလေးရှားမှာလည်း တရားဝင်အခြေချခွင့်မရှိဘဲ အနာဂတ်မရေရာတဲ့ဘဝနဲ့ရပ်တည်နေကြရတာဟာ သူတို့ရင်ဆိုင်နေရတဲ့အကြီးမားဆုံး အကျပ်အတည်းပဲဖြစ်ပါတယ်။
ခရက်ဒစ်- MALAYSIANOW




Comments