ကိုဝေမိုးနိုင် သံတုတ်နဲ့အရိုက်ခံရပြီးနောက် ခြေကျင်းခတ်တိုက်ပိတ်ခံထားရ
- BVJ

- Jul 4
- 1 min read
BVJ/ယူဂရင်း_ ဇူလိုင် ၁၊ ၂၀၂၅

မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ဟာ ပြီးခဲ့တဲ့ဇွန်လ ၁၂ရက်က ထောင်ပြောင်းရွှေ့ချိန် အရိုက်ခံရပြီးနောက်မှာ ပြစ်ဒဏ်တိုက်ကိုပို့ပြီး ပါဆယ်နဲ့ထောင်ဝင်စာဧည့်တွေ့ခွင့် ကန့်သတ်ခံထားရသလို ခြေကျင်းခတ်ပြီးသီးခြားတိုက်မှာ တိုက်ပိတ်ပြစ်ဒဏ်ပေးခံထားရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ဒီနေ့ ဇူလိုင် ၁ရက်နေ့လယ်မှာ အသိပေးထုတ်ပြန်ပါတယ်။
ကိုဝေမိုးအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေနဲ့ အကျဉ်းသား နှစ်ရာခန့်ဟာ မုံရွာအကျဉ်းထောင်ကနေ မန္တလေးအိုးဘိုအကျဉ်းထောင်ကို ပြောင်းရွှေ့ခံခဲ့ရတာဖြစ်ပြီး ထောင်ပြောင်းနဲ့ရောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အဝင်ဗူးဝမှာ မတရားရိုက်နှက်နှိပ်စက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ကိုဝေမိုးနိုင်ကိုဦးတည်ကာ အကျဉ်းဦးစီးဝန်ထမ်းအရာရှိတစ်ဦးက သံတုတ်နဲ့စတင်ရိုက်နှက်ရာကနေ တခြားနိုင်ငံရေးအကျဉ်းသားတွေပါ နောက်ဆက်တွဲအနေနဲ့ရိုက်နှက်ခံခဲ့ရကြောင်းကို စုံစမ်းအတည်ပြုချက်တွေအရသိရတယ်လို့ PPNMကဖော်ပြပါတယ်။
ကိုဝေမိုးနိုင်ဟာ သံတုတ်နဲ့ရိုက်ခံရတာကြောင့်နဖူးကွဲဒဏ်ရာရရှိပြီး သွေးထွက်မေ့မျောသွားကြောင်းနဲ့ မေ့သွားချိန်မှာအရေးပေါ်ဆေးကုသမှုခံယူဖို့လိုအပ်ပေမယ့် ထောင်ဆေးရုံးကိုပင်ပို့ပြီးမကုခဲ့ပေးဘဲ သတိရလာချိန်မှာ ပြစ်ဒဏ်တိုက်ကိုပို့ပြီး ပါဆယ်နဲ့ထောင်ဝင်စာတွေ့ခွင့်ကန့်သတ်ကာ ခြေချင်းခတ်ကာသီးခြားတိုက်မှာတိုက်ပိတ် ပြစ်ဒဏ်ပေးထားတယ်လို့ သိရပါတယ်။
“ဦးခေါင်းပေါက်ပြဲမှု နဖူးကွဲမှုဒဏ်ရာကြီးမားတာဖြစ်တဲ့အတွက် ခေါင်းကိုချုပ်ရတာမျိုးတွေ တော့ရှိတယ်။ ကျနော်တို့သိထားတာက ဦးခေါင်းချုပ်ရတဲ့အခြေအနေမျိုးတခုကိုတော့ အကျဉ်းဦးစီးဘက်ကပြန်လုပ်ပေးတာမျိုးတော့ရှိတယ်။ ဒါပေမယ့် ဖြစ်တဲ့ဖြစ်စဉ်တလျောက်မှာ ချက်ခြင်းဆေးဝါးကုသပေးတာမျိုး ခံယူခွင့်ရတာမျိုးတော့မရှိဘူး။ ဘာလို့လဲဆိုတော့ ရိုက်နှက်မှုမှာ တာဝန်ရှိသူတွေကအကြီးပိုင်းတွေဖြစ်တဲ့အခါမှာ သူတို့ရိုက်နှက်လိုက်တဲ့ကိစ္စရပ်တခုအတွက် ဆေးဝါးပြန်ကုပေးတယ်ဆိုတဲ့အခြေအနေမျိုး ချက်ခြင်းဆောင်ရွက်ပေးခဲ့တာမျိုး မရှိဘူးဆိုတာလောက်ကိုတော့ ကျနော်တို့ပြောလို့ရပါတယ်”လို့ PPNMရဲ့ ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက Burma VJကို ပြောပါတယ်။
မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ဟာ ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်မှာ မုံရွာမြို့က အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေကို တက်ကြွစွာ ဦးဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး ၂ဝ၂၁ ခုနှစ် ဧပြီလ ၁၅ ရက်မှာ ကိုဝေမိုးနိုင်နဲ့ဆန္ဒပြကျောင်းသားတချို့ ဆိုင်ကယ်တွေနဲ့စီတန်းလှည့်လည်ဆန္ဒပြချိန် စစ်ကောင်စီရဲ့လုံခြုံရေးတပ်ဖွဲ့က ကားနဲ့တိုက်ပြီး ရိုက်နှက် ဖမ်းဆီးခဲ့ပါတယ်။
အဲ့ဒီနောက် ပုဒ်မ - ၅၀၅ (က)အပါအဝင် ပုဒ်မအမျိုးမျိုးတပ် တရားစွဲဆိုအမှုဖွင့်ပြီး ထောင်ဒဏ် စုစုပေါင်း ၃၂နှစ်ချမှတ်ခံထားရတာဖြစ်ပါတယ်။







Comments