ဖမ်းဆီးထားတဲ့ရွှေ့ပြောင်းဒုက္ခသည်တွေကို မလေးအာဏာပိုင်တွေ အကြမ်းဖက်နှိပ်စက်နေကြောင်း Fortify Rights ထုတ်ပြန်
- BVJ

- Jun 22, 2025
- 1 min read
BVJ/Moore _ ဇွန် ၂၀ ၊ ၂၀၂၅

မလေးရှား လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်း (IDCs) တွေထဲမှာ ဖမ်းဆီးခံထားရတဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ဒုက္ခသည်တွေကို မလေးရှားအာဏာပိုင်တွေက အကြမ်းဖက်နှိပ်စက်မှု ကျူးလွန်နေတာကြောင့် ဒီလုပ်ရပ်တွေရပ်တန့်ဖို့ လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Fortify Rights က တောင်းဆိုထားပါတယ်။
မလေးရှားအာဏာပိုင်တွေရဲ့ လစဉ်စီမံချက်ချဖမ်းဆီးမှုတွေအတွင်း ရွှေ့ပြောင်းဒုက္ခသည်အများအပြား ဖမ်းဆီးခံခဲ့ရပြီး ထိန်းသိမ်းရေးစခန်းတွေအတွင်း ရိုက်နှက်ခံရတာ၊ အဝတ်အစားတွေကို အဓမ္မချွတ်ခိုင်းပြီး ဝတ်လစ်စလစ်ပုံစံနဲ့ အချိန်ကြာမြင့်စွာထားရှိတာ၊ လူ့ဂုဏ်သိက္ခာကျဆင်းအောင်လုပ်တာ စတဲ့ အခြားနှိပ်စက်တွေမှုကို ဖမ်းဆီးခံနေရချိန်အတွင်း ကျူးလွန်ခံနေရတယ်လို့ Fortify Rights က ဖော်ပြထားပါတယ်။
“ရွှေ့ပြောင်းဒုက္ခသည်တွေကို လူသားချင်းစာနာမှုမရှိဘဲ အကြမ်းဖက်ကျူးလွန်မှုတွေကို သူတို့ လုပ်ဆောင်နေပါတယ်။ ဒါဟာ ဥပဒေနဲ့မညီသလို လူသားဆန်မှုလည်း မရှိပါဘူး။ အာဏာပိုင်တွေရဲ့ စီမံချက်ချ အလွန်အကျွံဖမ်းဆီးမှုတွေအတွင်း နှိပ်စက်ညှင်းပန်းမှုကနေ ကာကွယ်နိုင်ဖို့နဲ့ လုံခြုံမှုရရှိဖို့ လိုအပ်ပါတယ်။ မလေးရှားအာဏာပိုင်တွေရဲ့ ခွဲခြားဆက်ဆံမှုနဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေကိုလည်း ရပ်တန့်ဖို့အတွက် မလေးရှားအစိုးရအနေနဲ့ မဖြစ်မနေ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်”လို့ လူ့အခွင့်အရေးဆိုင်ရာ အထူးကျွမ်းကျင်သူ Yap Lay Sheng က ပြောပါတယ်။
တရားမဝင်နေထိုင်တဲ့ ရွှေ့ပြောင်းလုပ်သားတွေကို စီမံချက်ချဖမ်းဆီးတာလို့ဆိုပေမဲ့ ဖမ်းဆီးခံထားရသူတွေထဲမှာ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) က အသိအမှတ်ပြုမှတ်ပုံတင်ထုတ်ပေးထားတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေကိုလည်း မလေးရှားအာဏာပိုင်တွေက ဖမ်းဆီးထားပြီး နှိပ်စက်မှုတွေ လုပ်ဆောင်နေတယ်လို့ Fortify Rights ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မလေးရှားထိန်းသိမ်းရေးစခန်းတွေထဲမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူအပါအဝင် အာဏာပိုင်တွေရဲ့ ဝင်ရောက်ဖမ်းဆီးမှုအတွင်း ကြုံတွေ့ခဲ့ရသူတွေနဲ့ နစ်နာသူတွေ၊ သူတို့နဲ့ပတ်သက်ဆက်နွယ်သူတွေ၊ လူသားချင်းဆိုင်ရာ အကူအညီပေးသူတွေ စတဲ့ လူပုဂ္ဂိုလ် ၁၇ ဦးကို Fortify Rights က ဆက်သွယ်မေးမြန်းခဲ့ရာမှာ နှိပ်စက်ခံရမှုတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ထိန်းသိမ်းရေးစခန်းတွေမှာ ဖမ်းဆီးခံနေရချိန်အတွင်း ရွှေ့ပြောင်းဒုက္ခသည်တွေကို နားရွက်ဆွဲထိုင်ထ အကြိမ် ၁၀၀ ခန့် လုပ်ခိုင်းတာ၊ အများရှေ့မှာ အတွင်းခံပါမကျန်ချွတ်ခိုင်းပြီး ဝတ်လစ်စလစ်နဲ့နေခိုင်းတာ၊ တိရစ္ဆာန်နဲ့ ခိုင်းနှိုင်းခေါ်တာ၊ နံပါတ်တုတ်တွေနဲ့ ရိုက်နှက်တာ၊ ခွဲခြားဆက်ဆံမှုတွေ လုပ်ဆောင်တာ စတဲ့ အကြမ်းဖက်တွေကို မလေးရှားအာဏာပိုင်တွေက ကျူးလွန်ခဲ့တယ်လို့ ဆိုပါတယ်။
တရားမဝင်ရွှေ့ပြောင်းလုပ်သားတွေကို မလေးရှားအာဏာပိုင်တွေက စီမံချက်ချဖမ်းဆီးမှုတွေဟာ လွန်ခဲ့တဲ့ ၂ နှစ်ကထက် သုံးဆခန့် ပိုများလာတယ်လို့ Fortify Rights က ကောက်ယူထားတဲ့အချက်အလက်တွေအရ ဆိုပါတယ်။ အခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလက မေလ ၁၃ ရက်နေ့အတွင်း စီမံချက်ချဖမ်းဆီးမှုလုပ်ဆောင်ခဲ့ရာမှာ နိုင်ငံခြားသားပေါင်း ၃၄၂၈၇ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး တစ်လပျမ်းမျှ ၇၈၀၀ ခန့် ဖမ်းဆီးခဲ့တယ်လို့ မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားတဲ့ အချက်အလက်တွေကို ကိုကားပြီး Fortify Rights က ဖော်ပြထားပါတယ်။
ဒါဟာ အရင် ၂ နှစ်ကထက် နှစ်ဆခန့်မြင့်တက်ခဲ့ပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က တစ်လပျမ်းမျှဖမ်းဆီးခံရမှု ၂၃၀၀ ခန့်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ တစ်လပျမ်းမျှ ဖမ်းဆီးခံရမှု ၃၉၀၀ အထိ မြင့်တက်လာခဲ့သလို အခုနှစ် ပထမလေးလအတွင်းမှာ တစ်လပျမ်းမျှဖမ်းဆီးခံရမှု ၇၈၀၀ အထိ မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။




Comments