ရွာငံမှာတောင်ပြိုကျပြီး တစ်နှစ်ခွဲကလေးအပါအဝင် စစ်ရှောင်မိသားစု သုံးစုသေဆုံး
- BVJ
- 6 days ago
- 1 min read
မိုနာ/BVJ_စက်တင်ဘာ ၂၆၊ ၂၀၂၅

ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာတောင်ပြိုကျပြီး စစ်ရှောင်နေတဲ့မိသားစုတဲတွေပေါ်ပိကျကာ ကလေးငယ်တွေအပါအဝင် စစ်ဘေးရှောင် ၁၀ ယောက်သေဆုံးခဲ့တယ်လို့ ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်တော်-DSNDAက သိရပါတယ်။
သေဆုံးသူတွေဟာ စစ်ကောင်စီလက်နက်ကြီးပစ်တာ၊ လေယာဉ်ဗုံးကြဲတာ၊ စစ်ကြောင်းထိုးလာတာတွေကို ကျောက်တော်ရွာဖက်မှာရှောင်တိမ်းရင်း အခုလ စက်တင်ဘာ ၂၄ရက်က တောင်ပြိုကျမှုအတွင်းသေဆုံးသွားရတာဖြစ်တယ်လို့ DSNDAက ဒီနေ့မှာထုတ်ပြန်ပါတယ်။
“တဲထိုးနေတာပါ။ (တောင်ပြိုတာက)မိုးအရမ်းရွာတာကြောင့်လို့ ယူဆရပါတယ်။ မိသားစုက သုံးစုပါ။ အဲ့ဒီနေရာမှာသူတို့ပဲနေတာပါ”လို့ DSNADတာဝန်ရှိသူက Burma VJကိုပြောပါတယ်။
သေဆုံးသူတွေထဲမှာ တစ်နှစ်ခွဲ၊ ၇နှစ်၊ ၁၀နှစ်ကလေးငယ်တွေနဲ့ အသက်အကြီးဆုံး ၆၅နှစ်အထိပါဝင်ကြောင်းနဲ့ သေဆုံးသူတွေဟာ အမျိုးသမီး ၅ယောက်နဲ့ အမျိုးသား ၅ယောက်လို့ သိရပါတယ်။
ဒါ့အပြင် လက်ရှိတောင်ပြိုကျမှုအတွင်း သေဆုံးသူတွေထဲမှာ အသက် ၂၂နှစ်အရွယ်အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်းကိုသာ ရှာဖွေတွေ့ရှိတယ်လို့ DSNADက ထုတ်ပြန်ထားပါတယ်။
ရုပ်အလောင်းတွေထပ်မံရှာဖွေမှုနဲ့ပတ်သက်ပြီး DSNADတာဝန်ရှိသူက “မရှာတော့ပါဘူး။ မဖြစ်နိုင်တဲ့အခြေအနေကြောင့်ပါ”လို့ ပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်ကို စစ်အုပ်စုဟာ ပြီးခဲ့တဲ့ သြဂုတ်လပိုင်းကစပြီး စစ်အင်အားအလုံးအရင်းနဲ့ထိုးစစ်ဆင်လာပြီး စစ်ဘေးရှောင်တွေနေထိုင်တဲ့ မင်းပလောင်ကျေးရွာကို လက်နက်ကြီး၊ငယ်တွေနဲ့ပစ်ခတ် တဲတွေကိုမီးရှို့ဖျက်ဆီးလုပ်ခဲ့ကြောင်းနဲ့ ညောင်ပင်သာရွာ၊ ကျောက်တောရွာတို့ကိုလည်း သြဂုတ် ၁၈ရက်နဲ့ ၁၉ရက်တို့မှာ လေကြောင်း ဗုံးကြဲ၊ ဟောင်ဝစ်ဇာနဲ့ပစ်ခတ်ခဲ့သလို ၂၁ရက်မှာလည်း လေကြောင်းကနေ ဗုံးသုံးလုံးကြဲချခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီနောက် ညောင်ပင်သာရွာနဲ့ကျောက်တောရွာကိုစစ်ကြောင်းထိုးကာ နေအိမ်တွေဖျက်ဆီး၊ ကျွဲ၊နွား၊ ကြက်တို့ကို သတ်စား၊ပစ္စည်းတွေကိုလည်းခိုးယူခဲ့ပြီး သြဂုတ် ၂၅ရက်မှာ ကျောက်တောရွာက နေအိမ် ၃၇လုံးကိုမီးရှို့ဖျက်ဆီးကာ စစ်ကြောင်းပြန်ဆုတ်သွားခဲ့ကြောင်းနဲ့ အခုလ ၁၃ရက်မှာတော့ အင်အား ၁၂၀နဲ့ ထပ်မံစစ်ကြောင်းထိုးလာပြီး ၁၄ရက်နဲ့ ၁၅ရက်မှာ ကျော်တောရွာက နေအိမ် ၂၃လုံးနဲ့စပါးကျီတွေအကုန်လုံးကို မီးရှို့သွားခဲ့တယ်လို့ DSNDAက ထုတ်ပြန်ပါတယ်။
လက်ရှိမှာလည်း မင်းပလောင်ကျေးရွာမှာ တပ်စွဲထားတာကြောင့် ပြည်သူတွေဒုက္ခရောက်နေတဲ့အတွက် ဝိုင်းဝန်းကူညီကြဖို့ကိုလည်း DSNDAက ပြောထားပါတယ်။
ဓါတ်ပုံ-DSNDA
Comments