၁၆-၂၅နှစ်ကြားမိန်းကလေးတွေအပါအဝင် လူငယ်တွေကိုတပ်သားသစ်စုဆောင်းမယ်လို့ တွန်းဇံမြို့နယ်ကောင်စီ တရားဝင်ကြေညာ
- BVJ

- Feb 23
- 1 min read
စစ်မှုမထမ်းချင်ရင် နယ်နှင်ဒဏ်ပေးမယ်
မိုနာ/BVJ_ဖေဖော်ဝါရီ ၂၃၊ ၂၀၂၆

အမျိုးသားဆိုရင် ၁၆နှစ်ကနေ၃၅နှစ်အထိနဲ့ အမျိုးသမီးဆိုရင် ၁၆နှစ်ကနေ၂၅နှစ်အထိလူငယ်တွေကို CDF-တွန်းဇံဇိုတပ်ဖွဲ့နဲ့ CCတပ်ပေါင်းစုအတွက် တပ်သားသစ်စုဆောင်းမယ်လို့ တွန်းဇံမြို့ကိုထိန်းချုပ်ထားတဲ့ တွန်းဇံမြို့နယ်ကောင်စီက မနေ့က ဖေဖော်ဝါရီ ၂၂ရက်မှာ တရားဝင်ကြေညာချက်ထုတ်လာပါတယ်။
အဲ့ဒီကြေညာချက်အရ အကျုံးဝင်တဲ့လူငယ်တွေကို မနေ့က ဖေဖော်ဝါရီ ၂၂ရက်ကစတင်ကာ တပ်သားသစ်အဖြစ်စုဆောင်းမှာဖြစ်ပြီး တွန်းဇံမြို့နယ်အတွင်းနေထိုင်ကြတဲ့ လူငယ်တွေနဲ့ ပြင်ပကရောက်လာတဲ့ လူငယ်တွေအားလုံးပါဝင်တယ်လို့ သိရပါတယ်။
စစ်အုပ်စုဟာ ချင်းလဲန်းကောင်စီ(CC)နဲ့ ချင်းညီနောင်တပ်ဖွဲ့(CB)တို့သိမ်းပိုက်ရရှိထားတဲ့ ချင်းပြည်နယ်ရှိလွတ်မြောက်နယ်မြေတွေပြန်လည်ရရှိရေးအတွက် စစ်ကိုင်းတိုင်း၊ကလေးမြို့ကနေစစ်ကြောင်းနှစ်ကြောင်းနဲ့ထိုးလာပြီး ချင်းပြည်နယ်၊ သိုင်းငင်း၊ ဝေဘူလကနေ ဖလမ်းမြို့အတွင်းရောက်ရှိလာပြီဖြစ်ကြောင်းနဲ့ အဲ့ဒီအတွက် ချင်းပြည်အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက အခုလ ဖေဖော်ဝါရီ ၁၄ရက်မှာအစည်းအဝေးပြုလုပ်ပြီးဆုံးဖြတ်ချက်ခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီအစည်းအဝေးဆုံးဖြတ်ချက်(၁)အရ တွန်းဇံမြို့နယ်ကောင်စီရဲ့ တာဝန်ခံကာကွယ်ရေးတပ်ဖွဲ့ဝင်ဖြစ်တဲ့ CDF-တွန်းဇံဇိုတပ်ဖွဲ့က တွန်းဇံမြို့နယ်ကောင်စီဦးဆောင်ကော်မတီဝင်တွေရဲ့ဦးဆောင်မှုနဲ့ လူငယ်တွေကိုတပ်သားသစ်စုဆောင်းမှာဖြစ်တယ်လို့ ကြေညာချက်မှာဖော်ပြပါတယ်။
အဲ့ဒီကြေညာချက်အပြီး ဒီနေ့ ဖေဖော်ဝါရီ ၂၃ရက်မှာလည်း ခရီးသွားလာခွင့်ကန့်သတ် သတ်မှတ်ကြောင်းဆိုတဲ့ ကြေညာချက်တစ်စောင်ထပ်ထွက်လာပါတယ်။
အဲ့ဒီထဲမှာ တပ်သားသစ်စုဆောင်းခြင်းကို အကောင်အထည်ဖော်နိုင်ဖို့အတွက် ကြေညာထားတဲ့အသက်ထဲအကျုံးဝင်တဲ့ လူငယ် အမျိုးသမီး၊အမျိုးသားတွေကို တွန်းဇံမြို့နယ်တွင်းကနေ ခရီးထွက်ခွာခွင့်ပြုမှာမဟုတ်ကြောင်းနဲ့ အဲ့ဒီလူငယ်တွေရှိတဲ့မိသားစုတွေထဲက မိသားစုဝင်တစ်ဦးဦးဟာ စစ်မှုမထမ်းချင်ရင် ချင်းပြည်(Chinland)ကာကွယ်ရေးဝန်ကြီးဌာနကပြဌာန်းထားတဲ့ ဥပဒေတွေအရ တွန်းဇံမြို့နယ်ကနေ နယ်နှင်ဒဏ်ပေးမယ်လို့လည်း တွန်းဇံမြို့နယ်ကောင်စီကဖော်ပြထားပါတယ်။
ဒါကြောင့် တွန်းဇံမြို့နယ်အတွင်း နေထိုင်ကြတဲ့ပြည်သူတွေနဲ့ပြင်ကရောက်လာတဲ့ပြည်သူတွေအနေနဲ့ အခုထုတ်ပြန်ချက်တွေကို လက်တွေ့အကောင်အထည်ဖော်လိုက်နာရမှာဖြစ်တယ်လို့လည်း ပြောထားပါတယ်။
တွန်းဇံမြို့ကို CDF - တွန်းဇံအပါအဝင် CCပူးပေါင်းတပ်ဖွဲ့တွေက ၂၀၂၄ ခုနှစ်၊ မေလ ၂၃ ရက်နေ့မှာ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ လက်ရှိမှာ မြို့ရဲ့ အုပ်ချုပ်ရေးလုပ်ငန်းတွေကို CCနဲ့ CDF - တွန်းဇံက ပူးတွဲလုပ်ဆောင်နေတာပါ။
အခုတပ်သားသစ်စုဆောင်းမှုမှာ ၁၆နှစ်ကနေစပြီးခေါ်ယူမှုတွေကြောင့် ဝေဖန်မှုတွေရှိနေသလို မနေ့ကကြေညာချက်ကြောင့် တချို့လူငယ်တွေလည်း မြို့ကနေထွက်ပြေးသွားတယ်ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။




Comments