လာမယ့်နိုင်ငံရေးအခင်းအကျင်းမှာ လူငယ်တွေကိုနေရာပေးဖို့အချိန်တန်ပြီလို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဆို
- BVJ

- 1 hour ago
- 1 min read
မိုနာ/BVJ_ဇန်နဝါရီ ၁၄၊ ၂၀၂၆

လူငယ်တွေကိုမြေတောင်မြှောက်ပေးပြီး လူငယ်တွေကိုနေရာပေးဖို့အချိန်တန်ပြီလို့ အာဏာသိမ်းစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မနေ့က ဇန်နဝါရီ ၁၃ရက်မှာ ပြောလာပါတယ်။
စစ်အာဏာသိမ်းတာကိုလက်မခံဘဲ ဆန္ဒပြကန့်ကွက်ခဲ့ကြတဲ့လူငယ်တွေကို အကြမ်းဖက်ဖြိုခွင်း၊ ပစ်ခတ်သတ်ဖြတ်၊ ဖမ်းဆီးမှုတွေကို အာဏာသိမ်းစတင်ခဲ့တဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလထဲကတောက်လျောက်လုပ်ဆောင်နေတဲ့ အာဏာသိမ်းစစ်အုပ်စုခေါင်းဆောင်က နေပြည်တော်မှာပြုလုပ်တဲ့ ၂၀၂၆လူငယ်ဖိုရမ်မှာ အခုလိုပြောလာတာပါ။
အခုရွေးကောက်ပွဲမှာလည်း လူငယ်တွေလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ်ဝင်ပြိုင်တာကို တွေ့ရကြောင်းနဲ့ လာမယ့်နိုင်ငံရေးအခင်းအကျင်းမှာ လူငယ်တွေကိုနေရာပေးသွားဖို့လိုတယ်လို့ ပြောပါတယ်။
NUGနဲ့CRPHအဖွဲ့တွေက ဝါဒမှိုင်းတိုက်ပြီး လူငယ်၊လူရွယ်တွေကိုလွဲမှားတဲ့မျှော်လင့်ချက်တွေနဲ့ လက်နက်ကိုင်လမ်းစဉ်ကိုတွန်းပို့နေကြောင်းနဲ့ လက်နက်ကိုင်လမ်းစဉ်နဲ့ဖြေရှင်းတာဟာ နှစ်ပေါင်း ၇၀ကျော်တဲ့တိုင်ဘာရလဒ်မှမထွက်တာကို သင်ခန်းစာယူဖို့လိုပြီး ဒီမိုကရေစီနောက်ပြန်ဆွဲခြင်းဟာလည်း လက်နက်ကိုင်လမ်းစဉ်ကြောင့်ဖြစ်တယ်လို့ စစ်ခေါင်းဆောင်က လူငယ်တွေကိုပြောနေပါတယ်။


၂၀၂၁၊စစ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံတဝန်း ဒီမိုကရေစီတောင်းဆိုတဲ့လူထုဟာ လမ်းပေါ်ထွက်ဆန္ဒပြမှုတွေအတွင်းမှာ ဖေဖော်ဝါရီ ၉ရက်က နေပြည်တော်ကဆန္ဒပြမှုအတွင်းမှာ အသက် ၁၉ နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်ကို အာဏာသိမ်းစစ်တပ်ဘက်က သေနတ်နဲ့ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့ရပါတယ်။
အလားတူပဲ အသက် ၁၉ နှစ်အရွယ် မကြယ်စင်ကိုလည်း မတ်လ ၃ ရက်နေ့က မန္တလေးမြို့ လမ်း ၈၀ နဲ့ လမ်း၃၀ ထောင့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြချိန်မှာ စစ်အုပ်စုသေနတ်နဲ့ပစ်လိုက်တာကြောင့် ကျည်ထိမှန် သေဆုံးခဲ့တာပါ။
မမြသွဲ့သွဲ့ခိုင်နဲ့မကြယ်စင်တို့နောက်ပိုင်းမှာလည်း အာဏာသိမ်းစစ်အုပ်စုဟာ လူငယ်၊လူရွယ်တွေကို ဖမ်းဆီးနှိပ်စက်၊သတ်ဖြတ် ပစ်ခတ်မှုတွေကို ဆက်တိုက်လုပ်ဆောင်နေတာဖြစ်ပါတယ်။







Comments