top of page

အမှုပိတ်ပေးဖို့ခြိမ်းခြောက်ခံနေရတာကြောင့် ယင်းမာပင်ကအဓမ္မပြုကျင့်ခံရသူအမျိုးသမီး မိသားစုလိုက်ထွက်ပြေးနေရ

  • Writer: BVJ
    BVJ
  • Aug 8
  • 2 min read

မိုနာ/BVJ_ ဇူလိုင် ၇၊ ၂၀၂၅

ree

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း(၂၆) တပ်ရင်းမှူး ဦးကျော်ဟိန်း(ခ)မင်းသားကြီးက ဖမ်းဆီးရိုက်နှက်အဓမ္မပြုကျင့်လို့ NUGနဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေဆီကိုတိုင်ကြားထားတဲ့ မယု(အမည်လွှဲ)ဟာ အဲ့ဒီတပ်ရင်းရဲ့ အသက်အန္တရာယ်ခြိမ်းခြောက်မှုနဲ့ အမှုပိတ်ပေးဖို့ဖိအားပေးမှုတွေအပြင် မဟုတ်မမှန်သတင်းတွေလွှင့်ပြီး စွပ်စွဲတိုက်ခိုက်မှုတွေနဲ့ပါ ကာယကံရှင်မိသားစုက ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။


အသက် ၂၀အရွယ် မယု(အမည်လွှဲ)ဟာ အခုနှစ် ဇွန်လ ၂ရက်နေ့(နယုန်လဆန်း ၇ရက်)က လက်လှုပ်ကျေးရွာကနေ အေးကုန်းရွာကိုပြန်လာချိန်မှာ ယင်းမာပင်ခရိုင် တပ်ရင်း(၂၆)ရဲ့ တပ်ရင်းမှူး ဦးကျော် ဟိန်း(ခ)မင်းသားကြီးရဲ့ ဆိုင်ကယ်နဲ့ဖမ်းဆီးခေါ်ဆောင်ခံရပြီး တဲတစ်လုံးထဲမှာ နှစ်ရက်တိုင်ချုပ်နှောင် အဓမ္မပြုကျင့်ခဲ့ပါတယ်။ အဲ့ဒီဖြစ်ရပ်ကြောင့် နှစ်လကျော်သုံးလနီးပါးရှိနေတဲ့ မယုရဲ့ကိုယ်ဝန်လည်း ပျက်ကျခဲ့ပါတယ်။


ဒီကိစ္စနဲ့ပတ်သက်ပြီး မယုက NUGယာယီသမ္မတဒူဝါလရှီးလအပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်း အဆင့်ဆင့်ကို ဇူလိုင် ၇ရက်က တိုင်ကြားပြီးနောက် အခုလိုအသက်ဘေးခြိမ်းခြောက်ခံလာရတဲ့အထိဖြစ်ခဲ့တာလို့ မိသားစုနဲ့နီးစပ်တဲ့ဒေသခံတွေဆီက သိရပါတယ်။


“အဓမ္မပြုကျင်ခံရတဲ့ကိစ္စက သတင်းတိုက်တွေမှာပါလာတော့ ဘယ်သူပြောတာလဲဆိုပြီး ကောင်မလေးကို အိမ်မှာလာစစ်တယ်။ လာစစ်တဲ့သူက ဗိုလ်သံမဏိ။ အဲ့ဒီပြောတဲ့သူကဘယ်သူလဲ ပြောတဲ့သူကို မဖော်ထုတ်ရင် နင်လည်းဖမ်းမှာ။ အခုဖမ်းမှာ ဖမ်းလို့ရတယ်။ ထောင် ၂နှစ်ချမှာဆိုပြီး အမျိုးမျိုး ခြိမ်းခြောက်သွားတာ”လို့ မိသားစုနဲ့နီးစပ်တဲ့ဒေသခံတဦးက ပြောပါတယ်။


ယင်းမာပင်ခရိုင် ကွပ်ကဲရေးမှူးဗိုလ်သံမဏိနဲ့အဖွဲ့ဟာ အခု သြဂုတ်လ ၁ရက်နေ့မှာ မယုရဲ့ အိမ်ကိုလာ စစ်ဆေးမေးမြန်းခဲ့တာဖြစ်ပြီး စစ်ဆေးမှုအတွင်း အိမ်မှာရှိတဲ့မယုရဲ့အဖေအပါအဝင် မိသားစုကိုအပြင်ထွက်ခိုင်းပြီး မယုတစ်ဦးထဲကိုသာစစ်ဆေးမေးမြန်းခဲ့တာလို့ သိရပါတယ်။


အဲ့ဒီစစ်ဆေးမေးမြန်းမှုအပြီး ဗိုလ်သံမဏိပြန်ပြီးနောက်မှာ မယုဟာ သတိလစ်သွားတာကြောင့် သြဂုတ်လ ၂ရက်မှာဆေးရုံတင်ခဲ့ရပြီး ၅ရက်နေ့မှာမှ ဆေးရုံကနေပြန်ဆင်းခဲ့ရပါတယ်။


“စစ်ပြီးလို့ဗိုလ်သံမဏိပြန်သွားတော့ သတိလစ်သွားလို့ဆေးရုံတင်လိုက်ရတယ်။ ကိုယ်ဝန် ပျက်ကျပြီးနောက် သွေးနုသားနုမှာ သွေးလန့်ပြီးရှော့ဖြစ်တာ။ ဆေးရုံသွားတဲ့လမ်းမှာလည်း တနာရီလောက် သတိလစ်သွားသေးတယ်” လို့ ဒေသခံကပြောပါတယ်။


မယုကိုသီးသန့်စစ်ဆေးမေးမြန်းတဲ့ကိစ္စနဲ့ပတ်သက်ပြီး ယင်းမာပင်ခရိုင်ကွပ်ကဲရေးမှူး ဗိုလ်သံမဏိက‌တော့”တိုင်ကြားတာနဲ့ပတ်သက်ပြီးကျနော်တို့ အမှုစစ်ဆေးတာတွေရှိပါတယ်။ နှစ်ဦးနှစ်ဖက်လုံးကို စစ်ဆေးပါတယ်။ အမျိုးသမီးဘက်ရော တပ်ရင်းမှူးဘက်ရော ကျနော်တို့ အမှုစစ်ပါတယ်ဗျ”လို့ Burma VJကိုပြောပါတယ်။


သြဂုတ်လ ၂ရက်နေ့မှာလည်း ယင်းမာပင်ခရိုင်တပ်ရင်း ၂၆က ဒုတပ်ရင်းမှူး ကိုပစ်၊ ခရိုင် ပလဖရဲဘော် ဟန်သာ၊ အမျိုးသမီးတစ်ယောက်နဲ့ နောက်ထပ် သုံးယောက်ပါဝင်တဲ့အဖွဲ့ဟာ နေ့လယ် ၁၁နာရီခွဲကျော်လောက်မှာ မယုအိမ်ကိုလာရောက်ကာ မယုရဲ့အဖေဖြစ်သူကို အသံတခုဖွင့်ပြပြီး အမှုကို ပိတ်သိမ်းပေးဖို့ပြောခဲ့ပါတယ်။


“အမျိုးသမီးအသံတခုဖွင့်ပြပြီး မယုအသံဆိုပြီးပြောတယ်။ အဲ့ဒီအသံထဲမှာ မယုက ဦးကျော်ဟိန်းကိုပြောတာမျိုးပေါ့။ သူကအမှုတိုင်ချင်လို့မဟုတ်ဘူး အဖေကြောင့် တိုင်ရတာပါဆိုတာမျိုး လုပ်ပြီးပြောထားတာ။ တကယ်ကမယုအသံမဟုတ်ဘူး အသံတုနဲ့လုပ်ထားတာ။ ဒါကိုမယုအဖေလည်း သိတယ်။ အဲ့ဒါကိုသူတို့က ခင်ဗျားသမီးကဒီလိုပြောနေပြီ။ အမှုပိတ်လိုက်တော့။ မပိတ်လည်း ကျုပ်တို့က သည်းခံနေမှာမဟုတ်ဘူးဆိုပြီး ကိုပစ်ဆိုတဲ့သူကပြောသွားတယ်။ သူတို့လာပြောတဲ့အချိန်က မယုကဆေးရုံတက်နေတဲ့အချိန်။ သူတို့မှာအတို(သေနတ်)တွေလည်း ပါလာတယ်။ အိမ်ပတ်လည်မှာလည်း ဝိုင်းထားသေးတယ်”လို့ ဒေသခံကပြောပါတယ်။


ပြီးတော့ သြဂုတ်လ ၅ရက်ညမှာလည်း မယုတို့အိမ်ကိုဆိုင်ကယ်သုံးစီးနဲ့လာဝိုင်းတာကြောင့် ပတ်ဝန်းကျင်ကထွက်ပြီးဝိုင်းဝန်းလာကြချိန်မှာ အဲ့ဒီဆိုင်ကယ်သုံးစီးနဲ့လူတွေဟာ ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။


ဗိုလ်သံမဏိကတော့ တိုင်ကြားသူမယုတို့ကို အသက်အန္တရာယ်ခြိမ်းခြောက် အမှုပိတ်ခိုင်းတယ်ဆိုတဲ့အပေါ်မှာ အခုလိုပြောပါတယ်။


“ဒီအမှုကြောင့်မို့လို့ တပ်ရင်းရဲ့ဂုဏ်သိက္ခာကျဆင်းစေတယ်။ ဒါကြောင့်မို့ မဟုတ်မတရားစွပ်စွဲတဲ့အတွက် တန်ပြန်ပြီးတော့ အသရေဖျက်မှုနဲ့ပြန်ပြီးတော့တရားစွဲမယ် ဘာညာနဲ့တော့ သတင်းတော့ထွက်တယ်ဗျ။ ဒါပေမယ့်တရားစွဲတာဘာညာတော့မရှိသေးပါဘူး။ အဲ့တော့ အမှုပိတ်ခိုင်းတယ် ဘာညာလို့တော့ ကျနော်မကြားမိသေးဘူး။ သို့သော်လည်းပဲ တန်ပြန်ပြီးတော့ တရားစွဲမယ်ပေါ့နော် အဲ့ဒီအပိုင်းတော့ရှိတယ်လို့တော့ ကျနော်ကြားမိပါတယ်ဗျ”


တိုင်ကြားထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ယင်းမာပင်ခရိုင်တပ်ရင်း-၂၆ တပ်ရင်းမှူး ဦးကျော်ဟိန်း (ခ)မင်းသားကြီးဟာလည်း ဒီနေ့အထိဖမ်းဆီးချုပ်နှောင်ခံရခြင်းမရှိသလို ယင်းမာပင် ခရိုင်တပ်ရင်း-၂၆ နာယကဆိုသူ(ဦးကျော်ဟိန်းရဲ့အကို)က ညီဖြစ်သူကိုတိုင်ကြားတဲ့သူတွေကိုသတ်ပစ်မယ်လို့ ရွာအတွင်းခြိမ်းခြောက်မှုတွေရှိနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။


အဲ့ဒီလိုခြိမ်း‌ခြောက်ဖိအားပေးမှုတွေ၊ အသက်အန္တရာယ်ခြိမ်းခြောက်ခံရမှုတွေရှိလာတာကြောင့် မယုတို့မိသားစုဟာ ကျေးရွာအတွင်းမှာမနေရဲတော့ဘဲ မယု၊ အဖေ၊အမေနဲ့ ၁၂နှစ်အရွယ် ညီမလေးအပါအဝင် မိသားစုလိုက်ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။


“အဝတ်တထည် ကိုယ်တခုနဲ့ထွက်ပြေးသွားကြရတာ။ ပိုက်ဆံလည်းမရှိတော့ တော်တော်လေး ဒုက္ခရောက်ပါတယ်။ နစ်လည်းနစ်နာ၊ ခြိမ်းခြောက်လည်းခံရသေး၊ကောင်မလေးကိုလည်း ကျော်ဟိန်းနဲ့တခုခုဖြစ်နေသလိုလိုမျိုး သူတို့ကလျှောက်ပြောကြသေးတာ။ အကုန်လုံးကို အရှက်တကွဲအကျိုးနည်းဖြစ်အောင်လုပ်နေတာ” လို့ မိသားစုနဲ့နီးစပ်တဲ့ ဒေသခံတစ်ဦးက Burma VJကို ပြောပါတယ်။


ယင်းမာပင်ခရိုင်ကွပ်ကဲရေးမှူး ဗိုလ်သံမဏိကတော့ တိုင်ကြားသူရဲ့ လုံခြုံရေးကိုစိုးရိမ်စရာမရှိဘူးလို့ ဆိုပါတယ်။


“တိုင်ကြားသူအမျိုးသမီးရဲ့ လုံခြုံရေးနဲ့ပတ်သက်လို့ ကျနော်တို့ကတာဝန်ယူပါတယ်။ ကိစ္စမရှိပါဘူး။ ပြဿနာမဖြစ်အောင်လည်း အတတ်နိုင်ဆုံးကျနော်တို့ကာကွယ်ပေးပါတယ်။ ကျနော်ကလည်းပဲ တပ်ရင်းတပ်ဖွဲ့တွေကိုအတတ်နိုင်ဆုံးဒီကိစ္စကို ပိုပိုပြီးတော့ရှုပ်ထွေးမှုမဖြစ်အောင်လည်း ပြောထားတာရှိပါတယ်ဗျ။ အဲ့ဒါကြောင့်မို့လို့ လုံခြုံရေးကတော့စိုးရိမ်စရာမရှိပါဘူး” လို့ ဗိုလ်သံမဏိက ပြောပါတယ်။


လက်ရှိမှာ အမျိုးသမီးဘက်ရော၊ ရင်းမှူးဘက်ရော ဘယ်ဘက်ကိုမှဘက်မလိုက်ဘဲနဲ့ အမှုမှန်ပေါ်ပေါက်ဖို့ကြိုးစားနေဆဲဖြစ်ပြီး စစ်ဆေးမေးမြန်းချက်တွေနဲ့ပတ်သက်ပြီးတော့ ထုတ်ဖော်ပြောလို့ မရဘူးလို့လည်း ပြောပါတယ်။


ဒါ့အပြင် ဗိုလ်သံမဏိက ”ကျနော်ပြောချင်တာက ယင်းမာပင်ခရိုင်မှာအခုလိုအမှုတွေရှိသလို တကယ့်ကိုရဲရဲရင့်ရင့်တိုက်ပွဲဝင်ပြီးတော့ အသက်ပေးလှုပြီးတော့ တိုက်ပွဲဝင်နေတဲ့ရဲဘော်တွေအများကြီးရှိပါတယ်။ အဲ့ဒါလည်းကျ‌နော်ပြောချင်ပါတယ်။ အခုလိုအမှုတွေကိုလည်း ကျနော်တို့သမာသမတ်ကျကျ တရားမျှမျှတတဖြစ်အောင် ကျနော်တို့ကြိုးစားနေပါတယ်။ အမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျနော်တို့က တရားဥပဒေစိုးမိုးရေး၊ တရားဥပ‌ဒေအတိုင်းမျှမျှတတဖြစ်ဖို့က ကျနော်တို့ဦးစားပေးလုပ်ဆောင်နေတဲ့အချက်ဖြစ်ပါတယ်။ အဲ့ဒါကိုလည်း အများပြည်သူတွေကို ကျနော်ပြောချင်ပါတယ်”


ခရိုင်အနေနဲ့ နှစ်ဖက်ဖြစ်စဉ်ရဲ့ပမာဏအခြေအနေကိုသာ စစ်ဆေးရတာဖြစ်ကြောင်းနဲ့ တွေ့ရှိချက်ကို စစ်ရုံးချုပ်တင်ပြရမှာဖြစ်ပြီး စစ်ရုံးချုပ်ကနေအမှုကိုဆုံးဖြတ်မှာဖြစ်တယ်လို့လည်း သိရပါတယ်။


PDFတပ်မတော်မှာအမှုကျူးလွန်တဲ့သူတွေအားလုံးကို စုံစမ်းစစ်ဆေးပြီးတာနဲ့ နောက်ဆုံးအဆင့်အမှုစစ်ဆေးပြီးတဲ့အခါ စစ်ရုံးချုပ်ကအမှုကိုဆုံးဖြတ်ပေးတာဖြစ်ပါတယ်။


ကိုယ်ဝန်ဆောင်အမျိုးသမီးကိုဖမ်းဆီးနှိပ်စက်အဓမ္မပြုကျင့်မှုနဲ့ တပ်ရင်းမှူးဦးကျော်ဟိန်း တိုင်ကြားခံထားရတာနဲ့ပတ်သက်ပြီး မေးမြန်းနိုင်ဖို့အတွက် ယင်းမာပင်ခရိုင်တပ်ရင်း-၂၆ ဒုရင်းမှူး ကိုပစ်ကို Burma VJက မနေ့က သြဂုတ် ၆ရက်ထဲကဆက်သွယ်ခဲ့ပေမယ့် အခုအချိန်ထိ ပြန်လည်ဖြေဆိုတာမျိုးမရှိခဲ့ပါဘူး။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page