ဝက်လက်တိုက်ပွဲမှာ တပ်မ ၃၃လက်အောက်ခံတပ် အထိနာ၊ သေဆုံးသူများ
- BVJ

- 18 minutes ago
- 1 min read
မိုနာ/BVJ_နိုဝင်ဘာ ၂၆၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ကြောင်းထိုးလှုပ်ရှားနေပြီး ရွာတွေကိုမီးရှို့ဖျက်ဆီးနေတဲ့စစ်အုပ်စုကို အမှတ်(၂)ရွှေဘိုခရိုင် ကွပ်ကဲရေးမှူးစီမံချက်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေက အခုလ ၂၃ရက်မှာတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဝက်လက်မြို့နယ် စိုင်နိုင်ကွေ့ကထွက်လာတဲ့ ဗိုလ်ကြီး ဆန်းညွန့်ထွန်း(ကြည်း-၆၃၉၅၅)ဦးစီး၊ တပ်မ ၃၃ လက်အောက်ခံ (ခမရ-၁၁)/(ခလရ-၄၂)/ပျူစောထီးပူးပေါင်းတို့ပါဝင်တဲ့ ခန့်မှန်းအင်အား (၁၂၀)ဦးပါစစ်ကြောင်းဟာ ပုဏ္ဏားကျေးရွာကိုစစ်ကြောင်းထိုး ဝင်ရောက်မီးရှို့နေချိန်မှာ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ တိုက်ခိုက်ခဲ့တဲ့အဖွဲ့တွေက ဒီနေ့ နိုဝင်ဘာ ၂၆ရက်မနက်မှာ အသိပေးထုတ်ပြန်ပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကြောင့် စစ်အုပ်စုဘက်က ၃၅ဦးသေဆုံးသလို ထိခိုက်ဒဏ်ရာရသူလည်းများပြားခဲ့တာကြောင့် စစ်ကြောင်းပျက်ပြီး စိုင်နိုင်ကွေ့စခန်းကို ပြန်သွားခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။
အဲ့ဒီတိုက်ခိုက်မှုကို အမှတ် (၁၊၂၊၃၊၄၊၅၊၁၇)တပ်ရင်းတွေ၊ ဝက်လက်မြို့နယ် ပကဖ၊ ဟံလင်းတိုက်နယ် ပကဖ၊ အမှတ်( ၂)ရွှေဘိုခရိုင် Drone အဖွဲ့၊ အမှတ်(၁/၂/၃/၄/၅/၁၇)Drone အဖွဲ့၊ဝက်လက်မြို့နယ် ပကဖ Droneအဖွဲ့ နဲ့ ဒေသခံပကဖတွေပူးပေါင်းဆောင်ရွက်တာဖြစ်ပြီး တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော် သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲအတွင်းမှာ MA1- ၁၁လက်၊ MA2-၃လက် ၊ MA3- ၁၀လက်၊ ငါးကြင်းမှီး-၂လက်၊ RPG-၁လက်၊ စနိုက်ဘာ -၁လက်၊ BA100(စိန်ပြောင်း)- ၃လက်၊ BA90(စိန်ပြောင်း) -၁လက်နဲ့ကျည်တွေ ဖုန်း ၂၈လုံးနဲ့ အီနာဂါ ၁၉လုံးစတာတွေကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေက ရရှိခဲ့ပါတယ်။
ရွှေဘို-မန္တလေးလမ်းပိုင်းကိုပြန်ထိန်းချုပ်ဖို့ကြိုးစားနေတဲ့ စစ်အုပ်စုတပ်ဟာ အခု နိုဝင်ဘာ ၃ရက်နေ့ထဲက စစ်ကိုင်းတိုင်း၊ဝက်လက်နယ်ထဲကို စစ်ကြောင်းထိုး မီးရှို့နေတာဖြစ်ပြီး ရွာပေါင်း ၂၀ကျော်က ဒေသခံသောင်းနဲ့ချီဟာလည်း တိမ်းရှောင်ထွက်ပြေးနေရတယ်လို့ ဝက်လက်ဒေသခံတွေဆီက သိရပါတယ်။







Comments