TPSဖျက်သိမ်းခံရတဲ့ အမေရိကန်ရောက်မြန်မာတွေပြန်လာပြီးမဲပေးဖို့ စစ်အုပ်စုဖိတ်ခေါ်နေ
- BVJ

- 2 minutes ago
- 1 min read
BVJ/ဂျိုး_နိုဝင်ဘာ ၂၆၊ ၂၀၂၅

မြန်မာနိုင်ငံအခြေအနေတိုးတက်ကောင်းမွန်လာတာကြောင့် အမေရိကန်ရောက်မြန်မာနိုင်ငံသားတွေကိုပေးထားတဲ့ ယာယီခိုလှုံခွင့် (Temporary Protected Status - TPS)ကို အခုလ နိုဝင်ဘာ ၂၄ ရက်နေ့ကစပြီး ရပ်ဆိုင်းလိုက်တယ်လို့ အမေရိကန်ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန (DHS)က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
အခုလို TPSကိုရပ်ဆိုင်းလိုက်ရတာဟာ မြန်မာနိုင်ငံအစိုးရအနေနဲ့ အရေးပေါ်အခြေအနေက ရုပ်သိမ်းပေးခဲ့မှု၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ဖို့ ဆောင်ရွက်နေမှု၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပြီး ငြိမ်းချမ်းရေးဆောင်ရွက်နိုင်မှု၊ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တည်ငြိမ်တိုးတက်မှုတွေကြောင့် ရပ်ဆိုင်းလိုက်ရတာ ဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။
အမေရိကန်အစိုးရအနေနဲ့ အခုလို TPS ရပ်ဆိုင်းလိုက်တာဟာ အပြုသဘောဆောင်တဲ့ လုပ်ဆောင်ချက်ဖြစ်ပြီး အမေရိကန်ရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံကိုပြန်လာမယ်ဆိုရင်ကြိုဆိုတယ်လို့ စစ်အုပ်စုပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။
“ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ မြန်မာနိုင်ငံအစိုးရအနေနဲ့ အမေရိကန်အစိုးရရဲ့ ဒီထုတ်ပြန်ချက်ဟာ အပြုသဘောဆောင်တဲ့ ထုတ်ပြန်ချက်ဖြစ်တယ်လို့ မှတ်ယူပါတယ်။ အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသူ/နိုင်ငံသားများအနေနဲ့ အမိနိုင်ငံကို ပြန်လာလို့ရပါတယ်။ကြိုဆိုပါတယ်”
အကြောင်းအမျိုးမျိုးကြောင့် နေရာဒေသအသီးသီးကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံကိုပြန်လာချင်တယ်ဆိုရင်ပြန်လာကြဖို့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဧပြီလ ၂ ရက်နေ့မှာလည်း စစ်အုပ်စုက ကြေညာချက်ထုတ်ပြီး ဖိတ်ခေါ်ခဲ့တာရှိပါတယ်။ အဲဒီနောက်ပိုင်းထွက်ပြေးတိမ်းရှောင်သူ တော်တော်များများ ပြန်လည်ဝင်ရောက်ခဲ့တာရှိတယ်လို့ စစ်အုပ်စုပြောထားပါတယ်။
လက်ရှိမှာလည်း စစ်အုပ်စုကရွေးကောက်ပွဲကျင်းပတော့မှာဖြစ်တာကြောင့် အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံကိုပြန်လာပြီး အထွေထွေရွေးကောက်ပွဲမှာ မဲပေးနိုင်တယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
“အခု ကျွန်တော်တို့နိုင်ငံမှာ မကြာမီအချိန်အတွင်းမှာ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပတော့မှာဖြစ်ပါတယ်။ အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ မြန်မာနိုင်ငံကို ပြန်လာပြီး အထွေထွေရွေးကောက်ပွဲမှာ မဲပေးနိုင်ပါတယ်။ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်တည်ဆောက်ရေးမှာပါဝင်နိုင်ဖို့ လက်ကမ်းကြိုဆိုပါကြောင်းအသိပေးအပ်ပါတယ်”
အမေရိကန်ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန (DHS)ရဲ့ ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိအတည်ပြုထားတဲ့စာရင်းအရ အကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေးတိမ်းရှောင်ပြီးတော့ အမေရိကန်နိုင်ငံမှာယာယီခိုလှုံခွင့် (TPS)ရရှိထားတဲ့ မြန်မာနိုင်ငံသား ၃၆၇၀ဦးခန့်ရှိတာလည်းဖြစ်ပါတယ်။







Comments