DKBAကာကွယ်ပေးထားတဲ့ ကျားဖြန့်စင်တာဝင်းထဲကနေ နိုင်ငံပေါင်း၂၄နိုင်ငံက နိုင်ငံခြားသား ၇၄၁ ဦးကို KNUဖမ်းမိခဲ့
- BVJ

- 17 minutes ago
- 1 min read
◼️ကွန်ပျူတာအလုံး တစ်ထောင့်ငါးရာကျော်ပါ သိမ်းဆည်း
အေတီ/BVJ_နိုဝင်ဘာ၂၅၊ ၂၀၂၅

ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်-DKBAတပ်ဖွဲ့ အကာအကွယ်အောက်မှာလည်ပတ်နေတဲ့ ဖလူး(မင်းလက်ပံ)ဒေသက ကျားဖြန့်စင်တာနဲ့ပတ်သက်ပြီး စစ်ဆေးတွေ့ရှိချက်တွေကို KNUက ဒီနေ့ နိုဝင်ဘာ၂၅ရက်နေ့ မှာ သတင်းထုတ်ပြန်ပါတယ်။
နိုဝင်ဘာလ ၂၁ ရက်က KNUနဲ့ DKBAတပ်ဖွဲ့ကြား တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်းမှာ DKBAတပ်ဖွဲ့ဝင် ၂၃၀ကျော်လက်နက်ချခဲ့ပြီးနောက် DKBA ရဲ့ အမာခံစခန်းတစ်ခုကိုဝင်ရောက်ထိန်းချုပ်ဖို့ကြိုစားတာကနေ နိုင်ငံပေါင်းစုံ လူထောင်နဲ့ချီနဲ့လည်ပတ်နေတဲ့ ကျားဖြန့်စင်တာတစ်ခုကိုတွေ့ရှိခဲ့တာဖြစ်ပါတယ်။
DKBAတပ်ဖွဲ့ အကာအကွယ်နဲ့လည်ပတ်နေတဲ့ အဲ့ဒီကျားဖြန့်စင်တာထဲမှာ ခန့်မှန်းခြေ လူ ၂,၀၀၀ ခန့်တွေ့ရှိခဲ့ပြီး၊အီသီယိုးပီးယား၊ ရဝမ်ဒါ၊ အီဂျစ်၊ ထိုင်း၊ လာအို၊ ဖိလစ်ပိုင်၊ တရုတ်၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်ဝမ်နဲ့ဟောင်ကောင် နိုင်ငံတွေပါဝင်တဲ့ နိုငံ၂၄နိုင်ငံက နိုင်ငံခြားသား ၇၄၁ ဦးကို KNUကစိစစ်ဖော်ထုတ်နိုင်ခဲ့ပါတယ်။
အဲ့ဒီကျားဖြန့်စင်တာကို DKBAတပ်ဖွဲ့ဝင် ဗိုလ်မှူးကြီးနိုင်လွင်ကဦးဆောင်နေတာဖြစ်ပြီး သူဟာပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဒဏ်ခတ်ပိတ်ဆို့အရေးယူခြင်းခံထားရတဲ့ DKBAခေါင်းဆောင် လေးဦးထဲကတစ်ဦးဖြစ်တဲ့ ဗိုလ်မှူးချုပ်စိုင်းကျော်လှရဲ့ တိုက်ရိုက်ကွပ်ကဲမှုအောက်မှာရှိတဲ့သူဖြစ်ကြောင်း KNUရဲ့ စစ်ဆေးဖော်ထုတ်ချက်အရ သိရပါတယ်။

ကျားဖြန့်စင်တာထဲမှာဖမ်းမိတဲ့ ဖိလစ်ပိုင်နိုင်ငံသားတစ်ဦးရဲ့ထွက်ဆိုချက်အရ သူဟာ အမေရိကန်နိုင်ငံသားတွေကိုသာ သီးသန့်ပစ်မှတ်ထားလိမ်လည်ဖို့ တာဝန်ပေးခံရပြီး တစ်လအနည်းဆုံး အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ (ငါးသိန်း) ခန့် ရှာပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အဲ့ဒီကျားဖြန့်စင်တာဝင်းထဲကနေ ကွန်ပျူတာအလုံးရေ တစ်ထောင့်ငါးရာကနေ နှစ်ထောင်၊မိုဖုန်းဟန်းဆက် တစ်သောင်းပတ်ဝန်းကျင်ကို KNUက သိမ်းဆည်းရမိခဲ့ပါတယ်။ KNUအနေနဲ့သိမ်းဆည်းရမိတဲ့ သက်သေခံပစ္စည်းတွေကို ကျွမ်းကျင်တဲ့မှုခင်းစစ်ဆေးရေးအဖွဲ့တွေထံ လွှဲပြောင်းပေးအပ်သွားမှာဖြစ်ပြီး သက်ဆိုင်ရာနိုင်ငံတွေ၊ တရားဥပဒေစိုးမိုးရေးအဖွဲ့တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့အသင့်ရှိကြောင်း ကြေညာပါတယ်။







Comments