တိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ULF စစ်ကြောင်းမှူး ကျဆုံး
- BVJ

- Sep 12
- 1 min read
မိုနာ/BVJ_ စက်တင်ဘာ ၁၂၊ ၂၀၂၅

စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်က ယင်းမာပင်ပကဖရဲ့ Union Liberation Front - ULF တပ်ပေါင်းစုစစ်ကြောင်းက စစ်ကြောင်းမှူးကိုနိုင်မင်းဟာ တိုက်ပွဲအတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုမှာ ကျဆုံးသွားတယ်လို့ ဒေသတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
မနေ့က စက်တင်ဘာ ၁၁ရက်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့စစ်အုပ်စုတိုက်ပွဲဖြစ်ပြီး အဲ့ဒီတိုက်ပွဲအတွင်းမှာ စစ်အုပ်စုဘက်က လေကြောင်းပစ်ကူ Y12နဲ့လာပစ်ချိန်မှာ ဗုံးစထိမှန်ကျဆုံးသွားတာဖြစ်တယ်လို့ ယင်းမာပင်ရဲဘော်တစ်ဦးက Burma VJကိုပြောပါတယ်။
“စစ်ကြောင်းထိုးလာတဲ့ ေ-ွး(စစ်အုပ်စု)နဲ့ထိတွေ့တိုက်ပွဲဖြစ်နေတုန်းမှာပဲ Y12နဲ့သူတို့ဘက်ကပစ်ကူလာတယ်။ အဲ့မှာ ဗုံးဆက်တိုက်ကြဲပြီး ဗုံးစက စစ်ကြောင်းမှူးကိုထိပြီးကျသွားတယ်။ ထိတာကသုံးယောက်မှာ ဆေးရုံသွားချိန်မှာ စစ်ကြောင်းမှူးကကျသွားတာပေ့ါ။ အဆုတ်ကိုတည့်တည့်ထိသွားတာ။ တိုက်ပွဲမှာ သူတို့ဘက်ကသေတာတွေအများကြီးပဲ၊ လက်နက်တွေလည်းရထားတယ်။ ဒါတွေကိုတော့ တပ်ဖွဲ့တွေကထုတ်ပြန်သွားဖို့လည်းရှိပါတယ်”
အခုကျဆုံးသွားတဲ့ ULFတပ်ပေါင်းစုစစ်ကြောင်းမှူးဟာ နဂါးညီနောင်အထူးတပ်ဖွဲ့-DBTFရဲ့ ခေါင်းဆောင်ဖြစ်သလို ဒေသအတွက်အားကိုးရတဲ့စစ်ကြောင်းမှူးတစ်ဦးဖြစ်ပြီး စခန်းသိမ်းတိုက်ပွဲတွေနဲ့ဒေသတွင်းတိုက်ပွဲတွေများစွာ ပါဝင်တိုက်ခိုက်ထားသူတစ်ဦးလို့ သိရပါတယ်။
ဒါ့အပြင် ၂၀၂၄ခုနှစ် စက်တင်ဘာ ၃၀ရက်မှာဖြစ်ပွားခဲ့တဲ့ ဘုတလင်မြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်ရင်းတစ်ခုလုံးကိုပြုတ်သွားအောင်တိုက်ခိုက်ခဲ့တဲ့ စစ်ကြောင်းရဲ့ တာဝန်ခံဖြစ်တယ်လို့လည်း သိရပါတယ်။

ULFစစ်ကြောင်းဟာ ယင်းမာပင်ခရိုင်ပကဖရဲ့ တပ်ဖြစ်ပြီး လက်ရှိမှာလည်း မြေပြင်မှာထိုးစစ်ဆင်နေတဲ့ စစ်အုပ်စုကိုခုခံကာကွယ်နိုင်ဖို့အတွက် “အနောက်မြောက်လွင်ပြင်သို့”ဆိုတဲ့ ကျည်ငါးသောင်းကမ်ပိန်းကို ယင်းမာပင်ခရိုင် တပ်ရင်း-၆နဲ့အတူ ပြုလုပ်နေတာဖြစ်ပါတယ်။
စစ်အုပ်စုဟာ အခုလအစပိုင်းထဲက ကနီနဲ့ယင်းမာပင်နယ်ကိုစစ်ကြောင်းထိုးဝင်ရောက် နေအိမ်မီးရှို့၊ လက်နက်ကြီးပစ်တာတွေကိုလုပ်ဆောင်နေတာဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ပုံစာ- ကျဆုံးစစ်ကြောင်းမှူး ကိုနိုင်မင်း(ဓါတ်ပုံ-DBTF၊ UFL)







Comments