နယ်စပ်စစ်ဆင်ရေးတွေသတိထားဖို့ မြန်မာစစ်သံမှူးခေါ်သတိပေးခံရ

မိုနာ/BVJ_ နိုဝင်ဘာ ၃၊ ၂၀၂၆

ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာ ထိုင်း-မြန်မာနယ်စပ်အနီးဖြစ်ပွားတဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ဘန်ကောက်ကမြန်မာစစ်သံမှူး ဗိုလ်မှူးချုပ်ဝင်းသူလင်းကို ထိုင်းတပ်မတော်စစ်သေနာပတိချုပ် ဗိုလ်ချုပ်ကြီး ဥကရစ်ဘွန်တာနွန်က မနေ့က နိုဝင်ဘာ ၂ရက်မှာခေါ်ယူသတိပေးခဲ့တယ်လို့ ထိုင်းတော်ဝင်စစ်တပ်ဌာနချုပ်က ဒီမနက်မှာသတင်းထုတ်ပြန်ပါတယ်။
ခေါ်ယူတွေ့ဆုံမှုအတွင်းမှာ မြန်မာနိုင်ငံဘက်ခြမ်းမှာပြုလုပ်တဲ့ မည်သည့်စစ်ဆင်ရေးမဆို သတိထားဆောင်ရွက်ဖို့နဲ့ ထိုင်းပြည်သူတွေရဲ့ အသက်အန္တရာယ်နဲ့ပစ္စည်းဥစ္စာလုံခြုံရေးကို မထိခိုက်ဖို့ဆိုပြီး ထိုင်းဘက်ကမြန်မာဘက်ကိုပြောခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် နှစ်နိုင်ငံတပ်မတော်တွေကြားနားလည်မှုလွဲနေတာကို လျော့ချနိုင်ဖို့ ပူးပေါင်းဆောင်ရွက်မှုလမ်းကြောင်းတွေကိုအသုံးချရေးတို့ကိုလည်း ထိုင်းစစ်တပ်ဘက်ကပြောခဲ့တယ်လို့သိရပါတယ်။

ထိုင်း-မြန်မာနယ်စပ် မြဝတီဘက်တလျှောက်မှာ မြန်မာစစ်တပ်နဲ့ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်ဘက်ကနေနယ်စပ်နားထိဗုံးကြဲခဲ့တာကြောင့် ထိုင်းစစ်တပ်ဘက်ကသတိပေးတဲ့အနေနဲ့ F-16 တိုက်လေယာဉ်နှစ်စီးကို နယ်စပ်မှာကင်းလှည့်ပျံသန်းစေခဲ့ပါသေးတယ်။
ထိုင်းဝန်ကြီးချုပ် အနုတင်ကလည်း နယ်စပ်အနီးဖြစ်ပွားနေတဲ့တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံဘက်ကစိုးရိမ်မကင်းဖြစ်ရမှုကို မြန်မာဘက်ဆီတရားဝင်အကြောင်းကြားထားသလို ဒီပဋိပက္ခဟာထိုင်းပိုင်နက်နယ်မြေနဲ့အရပ်သားတွေအပေါ် မထိခိုက်စေရဘူးလို့သတိပေးထားကြောင်း မနေ့က ပြောကြားထားပါတယ်။

ထိုင်းသတင်းဌာနတခုဖြစ်တဲ့ The Nationရဲ့ မနေ့ကသတင်းဖော်ပြချက်အရ မြန်မာစစ်တပ်ဟာ မြဝတီမြို့မှာရှိတဲ့ မြန်မာ-ထိုင်း နယ်စပ်ကော်မတီကတဆင့် ထိုင်းနိုင်ငံဆီကန့်ကွက်စာတစ်စောင်ပေးပို့ခဲ့ပြီး အဲဒီစာထဲမှာ ထိုင်းနယ်စပ်တာဝန်ရှိသူတွေ၊ ကုန်သည်တွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို တရားဝင်သတိပေးထားပါတယ်။
သတိပေးချက်ထဲမှာ ကုန်သည်တွေအနေနဲ့ KNUနဲ့ဆက်သွယ်တာမျိုးမလုပ်ဖို့နဲ့ KNUထိန်းချုပ်ထားတဲ့ သောလဲထာ စစ်ဆေးရေးဂိတ်ကနေ ကုန်ပစ္စည်းတွေသယ်ယူပို့ဆောင်တာ မလုပ်ကြဖို့ညွှန်ကြားထားပြီး အဲဒီစစ်ဆေးရေးဂိတ်ကို လေကြောင်းကနေတိုက်ခိုက်သွားမယ်လို့ ရေးထားတာပါ။




Comments