ထိုင်းနိုင်ငံမှာ CI စနစ်ဖျက်သိမ်းရေးဆန္ဒပြနေချိန်ရိုက်နှက်ခံရသူ တိုင်ကြားမှုကို ထိုင်းလူ့အခွင့်အရေးကော်မရှင်လက်ခံပြီး စစ်ဆေးမယ်

ယူဂရင်း/BVJ_နိုဝင်ဘာ ၃၊ ၂၀၂၆

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့မှာ နိုဝင်ဘာ ၁ရက်နေ့က CI ဖျက်သိမ်းရေး အတွက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကဆန္ဒပြနေချိန်မှာ ဦးဆောင်သူရိုက်နှက်တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး ထိုင်းလူ့အခွင့်အရေးကော်မရှင်ကိုတိုင်ကြားလာတာကြောင့် လက်ခံစစ်ဆေးသွားမှာဖြစ်တယ်လို့ ကော်မရှင်ကဒီနေ့ နိုဝင်ဘာ ၃ရက်မှာ ထုတ်ပြန်ပါတယ်။
မြန်မာရွှေ့ပြောင်းအလုပ်သမားအဖွဲ့ Bright Futureရဲ့ခေါင်းဆောင် ဦးဝီရာ ဆဲန်ထောင် (Veera Saengthong) နဲ့ပတ်သက်တဲ့တိုင်ကြားချက်ကို ဒီနေ့မနက် ကိုးနာရီမှာလက်ခံရရှိခဲ့တာဖြစ်ပြီး တိုင်ကြားချက်ထဲမှာ ဦးဝီရာ ဆဲန်ထောင်ဟာ People's Center for the Protection of the Monarchy – PCPMနဲ့ Prachaphak Pitak Monarchy အဖွဲ့တို့က ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုကိုခံခဲ့ရကြောင်း ပါရှိတယ်လို့သိရပါတယ်။

အခုလိုအကြမ်းဖက်တိုက်ခိုက်ခံရတာဟာ ထိုင်းနိုင်ငံတွင်းရှိ ရွှေ့ပြောင်းအလုပ်သမားတွေအကြား ကြောက်ရွံ့မှု၊မုန်းတီးမှုတို့ကိုဖြစ်ပေါ်စေပြီး ရွှေ့ပြောင်းလုပ်သားတွေရဲ့အသံကို ပိတ်ပင်တားဆီးတဲ့အခြေအနေတစ်ရပ်ကို ဖန်တီးနေကြောင်းနဲ့ ဒါဟာ နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းတွေအရ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တို့ကို ချိုးဖောက်ရာရောက်ကြောင်းလည်း ထည့်သွင်းတိုင်ကြားထားတယ်လို့ ထိုင်းလူ့အခွင့်အရေးကော်မရှင်ကဖော်ပြထားပါတယ်။
မြန်မာရွှေ့ပြောင်းအလုပ်သမားအဖွဲ့ Bright Futureရဲ့ခေါင်းဆောင် ဦးဝီရာ ဆဲန်ထောင်ဟာ CIစနစ်ဖျက်သိမ်းရေးအတွက်ဆန္ဒထုတ်ဖော်ဖို့ ထိုင်းနိုင်ငံကိုတရားဝင်ခွင့်ပြုချက်တင်ပြီးမှသာ သတ်မှတ်ထားတဲ့နေရာမှာဆန္ဒပြခဲ့တာဖြစ်ပြီး ဆန္ဒပြနေချိန်မှာ လူတစုကဝင်ရောက်ရိုက်နှက်ထိုးကြိတ်ခဲ့တာဖြစ်ပါတယ်။
ထိုင်းအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးအနေနဲ့ လက်ရှိမှာတိုင်ကြားချက်ကိုလက်ခံခဲ့ပြီး လုပ်ပိုင်ခွင့်နဲ့တာဝန်တွေအတွင်းကနေ ဆက်လက်စိစစ်သုံးသပ်ပြီး လိုအပ်တဲ့ဆောင်ရွက်မှုတွေပြုလုပ်သွားမယ်လို့ထုတ်ပြန်ပါတယ်။




Comments