top of page

စစ်ခေါင်းဆောင်နဲ့ထိတွေ့နေတဲ့ အာဆီယံခေါင်းဆောင်တွေကို NLDဦးဆောင်ပြီးအိတ်ဖွင့်စာပို့

Writer: BVJ
BVJ
6 minutes ago
1 min read

ယူဂရင်း/BVJ_နိုဝင်ဘာ ၃၊ ၂၀၂၆

မလေးရှားဝန်ကြီးချုပ်နဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတအဖြစ်ခံယူပြီးနောက် တွေ့ဆုံခဲ့ပုံ
မလေးရှားဝန်ကြီးချုပ်နဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် သမ္မတအဖြစ်ခံယူပြီးနောက် တွေ့ဆုံခဲ့ပုံ

မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စစ်အာဏာသိမ်းခေါင်းဆောင်နဲ့ထိတွေ့ဆက်ဆံနေတဲ့ဦးတည်ချက်အပေါ် စိုးရိမ်မိတယ်လို့ အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်ပါတီ-NLDအပါအဝင် ပြည်နယ်နဲ့တိုင်းလွှတ်တော်ကော်မတီတွေက အာဆီယံခေါင်းဆောင်တွေဆီကို ဒီနေ့ နိုဝင်ဘာ ၃ရက်မှာ အိတ်ဖွင့်စာပေးပို့လိုက်ပါတယ်။


စစ်ခေါင်းဆောင်နဲ့ အခုလိုထိတွေ့ဆက်ဆံနေတာတွေဟာ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီဆန္ဒနဲ့ မျှော်မှန်းချက်တွေကို ထင်ဟပ်တဲ့လက်တွေ့နိုင်ငံရေးရလဒ်တွေမကင်းကွာသွားစေဖို့ လိုအပ်ကြောင်းကိုလည်း စာထဲမှာတိုက်တွန်းထားပြီး မြန်မာ့အကျပ်အတည်းကိုဖြေရှင်းနိုင်ရေးကြိုးပမ်းကြရာမှာ ထိတွေ့ဆက်ဆံမှုဟာ ရည်မှန်းချက်တစ်ခုမဖြစ်သင့်ဘဲ တိုးတက်မှုတွေမရရှိဘဲ နိုင်ငံရေးတရားဝင်မှုကိုပေးအပ်သလိုမဖြစ်သင့်ဘူးလို့လည်း ပြောထားပါတယ်။


အကြမ်းဖက်မှုရပ်တန့်ရေး၊ ဒေါ်အောင်ဆန်းစု ကြည်နဲ့နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး၊ ဒီမိုကရေစီပြန်လည်ထူထောင်ရေးနဲ့ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တစ်ရပ် ပေါ်ပေါက်လာရေးတို့အတွက် အမှန်တကယ် အထောက်အကူပြုမှုရှိ၊ မရှိအပေါ် အခြေခံပြီးသာအကဲဖြတ်သင့်တယ်လို့လည်း စာမှာဖော်ပြပါတယ်။


အိတ်ဖွင့်စာထဲမှာ ပြီးခဲ့တဲ့လ စက်တင်ဘာ ၂၈ရက်နေ့က ကျောက်တော်မြို့နယ်လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားရတဲ့အရပ်သားတွေရဲ့ဖြစ်စဉ်ကိုလည်းဖော်ပြထားပြီး ဒါတွေဟာစစ်အုပ်စုကကျူးလွန်နေတာတွေအတွက် တာဝန်ခံမှုရှိစေရေးလိုအပ်ကြောင်းကို ထင်ရှားစေတာဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှုဥပဒေနဲ့ လူ့အခွင့်အရေးစံနှုန်းတွေကို လေးစားလိုက်နာစေဖို့ အာဆီယံအနေနဲ့ ပိုမိုပြတ်ပြတ်သားသား ဆောင်ရွက်ဖို့လိုအပ်ကြောင်းလည်း ပြောထားပါတယ်။

ပြီးတော့ စစ်ရာဇဝတ်မှုကျူးလွန်နေတဲ့စစ်အုပ်စုနဲ့ အခုလိုထိတွေ့ဆက်ဆံနေတာတွေဟာ အာဆီယံရဲ့ ယုံကြည်စိတ်ချရမှု၊ အဖွဲ့အစည်း ဆိုင်ရာ ဂုဏ်သိက္ခာကို ထိခိုက်စေနိုင်တယ်လို့ အိတ်ဖွင့်စာမှာပြောထားပါတယ်။


ဒါကြောင့် အာဆီယံခေါင်းဆောင်တွေအနေနဲ့ မိမိတို့ရဲ့ ထိတွေ့ဆက်ဆံမှုတွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ်-၂၆၆၉ ပါ ရည်မှန်းချက်တွေနဲ့ အာဆီယံဘုံသဘော တူညီချက် ၅ ရပ်ကို အပြည့်အဝအကောင်အထည်ဖော်ရေးတို့နဲ့ကိုက်ညီစေရေး ဆောင်ရွက်ပေးဖို့ကို NLDနဲ့ ကယားပြည်နယ်လွှတ်တော် ၃ ရပ်ကိုယ်စားပြုကော်မတီ၊ ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ၊ ချင်းပြည်( Chinland) လွှတ်တော်၊ ချင်းပြည်(Chinland) အစိုးရ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရ၊ တနင်္သာရီတိုင်းလွှတ်တော်၊ ပဲခူးဖက်ဒရယ်ယူနစ်လွှတ်တော်၊ မွန်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ၊ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်၊ ကြားကာလမကွေးဖက်ဒရယ်ယူနစ်အစိုးရ၊ မန္တလေးဒေသလွှတ်တော်၊ မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ၊ ရန်ကုန်ဖက်ဒရယ်ယူနစ်လွှတ်တော်၊ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ၊ ဧရာဝတီဖက်ဒရယ်ယူနစ်လွှတ်တော်တို့က တိုက်တွန်းထားပါတယ်။


အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုဟာ အောက်တိုဘာ ၂၈ရက်မှာမြန်မာနိုင်ငံဆီကိုခရီးစဉ်သွားရောက်ခဲ့ပြီး ၂၉ရက်မှာ စစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီးနဲ့ နေပြည်တော်မှာတွေ့ဆုံဆွေးနွေးတာရှိခဲ့ပါတယ်။ အဲ့ဒီခရီးစဉ်အတွင်းမှာ စစ်အုပ်စုကဖမ်းဆီးထိန်းသိမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရဖို့ မျှော်လင့်ခဲ့ကြပေမယ့် တွေ့ဆုံတာမျိုးမရှိခဲ့ပါဘူး။

မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုဟာ အောက်တိုဘာ၂၉ရက်မှာ စစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့နေပြည်တော်မှာတွေ့ဆုံခဲ့ပုံ
မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုဟာ အောက်တိုဘာ၂၉ရက်မှာ စစ်အုပ်စုနိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့နေပြည်တော်မှာတွေ့ဆုံခဲ့ပုံ

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာအတုအယောင်ရွေးကောက်ပွဲပြုလုပ်ပြီး သမ္မတအဖြစ်ခံယူပြီးနောက်ပိုင်းမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ မလေးရှားနိုင်ငံတို့ကို တရားဝင်ဖိတ်ကြားမှုနဲ့သွားရောက်ခဲ့ပြီးလည်းဖြစ်ပါတယ်။


တဖက်မှာလည်း အရပ်သားပြည်သူတွေကိုနေ့စဉ်လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ်အုပ်စုကိုတရားဝင်မှုပေးနေတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကို NUG၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဝေဖန်ကန့်ကွက်မှုတွေရှိနေကြပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page