ယင်းမာပင်-ကနီစပ်ကို အင်အားရာချီနဲ့စစ်အုပ်စုစစ်ကြောင်းထိုး ထိုးစစ်ဆင်
- BVJ

- Apr 29
- 1 min read
◾️ဒေသခံ တစ်သောင်းခန့်တိမ်းရှောင်နေရ
မိုနာ/BVJ_ဧပြီ ၂၉၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ယင်းမာပင်နဲ့ကနီမြို့နယ်အစပ်ကို စစ်အုပ်စုကအင်အားရာချီနဲ့စစ်ကြောင်းထိုး ထိုးစစ်ဆင်နေတာကြောင့် ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်းကသိရှိရပါတယ်။
စစ်အုပ်စုကအင်အား သုံးရာကျော်လေးရာခန့်နဲ့ မနေ့က ဧပြီ ၂၈ ရက်ကစပြီးစစ်ကြောင်းထိုးလာကာ ယာကြီး-ကလေးဝလမ်းပိုင်းကိုစိုးမိုးဖို့ပြင်ဆင်လာတာဖြစ်တယ်လို့ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“အင်အားကများတယ်။ အခုတော့ ချောင်းမ၊ အောင်မင်္ဂလာရွာတွေဘက်မှာတပ်စွဲနေတယ်။ သူတို့ဝင်လာတာနဲ့တပြိုင်နက်လေကြောင်း၊ လက်နက်ကြီးကလည်းပါလာတာမို့ ပြည်သူတွေလည်းစစ်ရှောင်နေရပါတယ်။ ယာကြီး-ကလေးဝဘက်ကိုထိန်းဖို့ပြင်ပြီး ထိုးစစ်ဆင်နေတာမျိုးပါ”လို့ Burma VJကိုပြောပါတယ်။
စစ်အုပ်စုထိုးစစ်ကို တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်းခုခံစစ်နဲ့ ထိုးစစ်ဆင်ဖို့ပြင်ဆင်မှုတွေရှိနေကြတာကြောင့် ဒေသခံတွေစစ်ဘေးတိမ်းရှောင်ကြဖို့ကိုလည်း ဒေသတွင်းတာဝန်ရှိသူတွေက သတိပေးထားကြပါတယ်။
လက်ရှိမှာ ယင်းမာပင်နဲ့ကနီမြို့နယ်တွေက ကန်စု၊ တရော်ကျင်း၊ ညောင်ငုပ်တို၊ ချင်းရွာ၊ ချောင်းမရွာ၊ သင့်ဝံရွာစတဲ့ ကျေးရွာ၁၀ရွာခန့်က ဒေသခံပြည်သူ ရှစ်ထောင်နဲ့တစ်သောင်းကြားဟာ စစ်ဘေးတိမ်းရှောင် ထွက်ပြေးနေရတယ်လို့သိရပါတယ်။
လက်ရှိရာသီဥတုဟာအပူချိန်မြင့်မားပြင်းထန်နေသလို မိုးရွာတာတွေလည်းရှိနေတာတွေကြောင့် ဒေသခံစစ်ဘေးရှောင်တွေဟာ အမိုးအကာလည်းလိုအပ်နေပြီး ရာသီတုပ်ကွေးကြောင့်လည်း ဆေးဝါးတွေလိုအပ်နေတယ်လို့ ဒေသခံတစ်ဦးက Burma VJကိုပြောပါတယ်။

အခုနှစ် ဖေဖော်ဝါရီလအတွင်းမှာ BNRAတပ်ဖွဲ့ခေါင်းဆောင်ဗိုလ်နဂါးဟာ စစ်အုပ်စုဆီလက်နက်ချအညံ့ခံသွားပြီးနောက်ပိုင်းမှာ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကနေထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေဟာ ယင်းမာပင်၊ပုလဲ၊ဆားလင်းကြီး၊ကနီတို့ကိုစစ်ကြောင်းထိုးတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်လာတာကြောင့် ဒေသတွင်းတပ်ဖွဲ့တွေနဲ့လည်းတိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။
အဲ့ဒီတိုက်ပွဲတွေအတွင်းမှာ စစ်အုပ်စုဘက်ကထိခိုက်ကျဆုံးမှုများသလို ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကလည်း ထိခိုက်ကျဆုံးမှုတွေရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။




Comments