ဖမ်းဆီးချုပ်နှောင်ထားတဲ့ရဲမေကို အဓမ္မပြုကျင့်မှုအပေါ် စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆို
- BVJ

- Mar 6
- 1 min read
မိုနာ/BVJ_မတ် ၆၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ ယင်းမာပင်တပ်ရင်း(၂၀)အတွင်းမှာ တပ်ဖွဲ့ဝင် မွတ်စ်လင်မ်အမျိုးသမီးကို အဓမ္မမှုကျုးလွန်ခဲ့တဲ့အပေါ် ကျူးလွန်သူတွေကိုလက်နက်ဖြုတ်သိမ်းကာ တာဝန်ကနေရပ်ဆိုင်းပြီး စုံစမ်းစစ်ဆေးအရေးယူပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စလင်လူမျိုးစုများအတိုင်ပင်ခံကော်မတီက မနေ့က မတ်လ ၅ရက်မှာ တောင်းဆိုလိုက်ပါတယ်။
ယင်းမာပင်တပ်ရင်း(၂၀)ရဲ့တပ်ဖွဲ့ဝင် မသဇင်ဆိုသူဟာ တပ်ရင်းရဲ့ခွင့်ပြုချက်မရှိဘဲ ကျေးရွာအတွင်းအလှူခံတာကြောင့် ပြီးခဲ့တဲ့ ၂၀၂၅၊ ဒီဇင်ဘာလနောက်ဆုံးပတ်မှာ တပ်ရင်းကဖမ်းဆီးပြီး ပလဖရုံးအချုပ်ခန်းထဲပို့ဆောင်ချုပ်နှောင်ခဲ့ပါတယ်။ အဲ့ဒီဖမ်းဆီးချုပ်နှောင်ထားချိန်အတွင်းမှာ ကြိုးနဲ့တုတ်၊ပါးစပ်အဝတ်စည်းပြီး သုံးရက်ဆက်တိုက်အဓမ္မပြုကျင်ခံခဲ့ရတာဖြစ်တယ်လို့ ကျူးလွန်ခံရသူ မသဇင်ကပြောပါတယ်။
အသက် ၂၅နှစ်အရွယ်မသဇင်မှာ သုံးနှစ်အရွယ်သမီးငယ်လည်းအတူရှိသလို မသဇင်အမျိုးသားဟာလည်းတပ်ဖွဲ့ဝင်ဖြစ်ကြောင်းနဲ့ ဖမ်းဆီးချုပ်နှောင်ထားချိန်မှာလည်း နှိပ်စက်ညှင်းပန်းမှုတွေ၊ လူမျိုးရေးခွဲခြားမှုတွေ၊ သမီးငယ်နဲ့မသဇင်တို့ကို အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေကိုပြုလုပ်ခဲ့ပြီး ပေါင်နဲ့ခြေသလုံးမှာလည်း “ရန်ရှင်း၊တပ်ရင်း ၂၀၊ YMYZ”ဆိုတဲ့ စာလုံးတွေကိုဓါးနဲ့ရေးခံခဲ့ရတယ်လို့ ကာယကံရှင်မသဇင်က TM Mediaကိုပြောထားပါတယ်။
“(ဖမ်းဆီးခံရပြီး)နောက်ရက်မှာ တပ်ရင်းမှူးခေါ် ခိုင်းလိုက်တယ်ဆိုပြီး လာခေါ်တယ်။ သူကစောင်ကိုခေါင်းမြီးခြုံပြီးထိုင်နေတာ။ ပြီးတော့ အကိုကြီး(တပ်ရင်းမှူး)မှောက်ခိုင်းတဲ့အတိုင်းပဲ တပုံစံထဲပဲမှောက်ခိုင်းတယ်။ အချုပ်ခန်းထဲကိုဝင်လာပြီး ရဲမေမလား မှောက်စမ်းဆိုပြီးမှောက်ခိုင်းတယ်။ လက်ကိုကြိုးတုပ်ထားတယ်။ ပါးစပ်စည်းထားတယ်။ မျက်နှာကိုလည်းအင်္ကျီစွပ်တယ်။ ပြီးတော့မှောက်ရက်အတိုင်းပဲ အနောက်ကနေပြီးတော့ အစော်ကားခံရတယ်ပေါ့နော်။ အဲ့ဒါ ၃၁ရက်ညပေါ့။ ၃ရက်ဆက်တိုက်ဖြစ်တာ။ နောက်ထပ်တညဝင်လာပြီး လည်ပင်းဓါးထောက်(အဓမ္မပြုကျင့်)တာကကျ ၁လပိုင်း၊ ၁ရက်နေ့ပေါ့။ နောက်တညကျ သမီးကခန္ဓာကိုယ်ပေါ်မှာ ပရုတ်ဆီတွေလူးပြီးထားထားတော့ ကောင်မကပညာပြတာဆိုပြီး ပြန်ထွက်သွားတယ်။ ပြန်ဝင်လာပြီးတော့ ပေါင်တွေကိုအရင်ဆုံးဓါးနဲ့ခြစ်တယ်။ ပြီးတော့ခြေသလုံးကို ခြစ်တယ်။ ပြီးမှစာရေးတာ။ ခြေထောက်ကိုလိမ်လိုက်တာ”
ဒါ့အပြင်နောက်ရက်မှာလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး မသဇင်ကိုစစ်မေးပြီး ရိုက်နှက်ခဲ့တယ်လို့ ပြောပါတယ်။
“အဲ့စာရေးထားတာ လိမ်ကောက်မနေဘဲဖြောင့်နေလို့ဆိုပြီး နင်ကအလိုတူအလိုပါလားဆိုပြီး သမီးကိုရိုက်တာ။ ဖြေရှင်းခွင့်တောင်မပေးဘဲထပ်ရိုက်တာ” လို့ မသဇင်ကသူကြုံတွေ့ရတဲ့အခြေအနေကို ပြောပါတယ်။

ညဘက်အမှောင်ထဲမှာဖြစ်တာကြောင့် အဓမ္မပြုကျင့်သူဟာ ဘယ်သူမှန်းမသဲကွဲပေမယ့်လည်း ခန္ဓာကိုယ်အနေအထား၊ လှုပ်ရှားဆောင်ရွက်မှုတွေကြောင့် ဘယ်သူဆိုတာကိုခန့်မှန်းမိကြောင်းကိုလည်း မသဇင်ကပြောပါတယ်။
ဒါပေမယ့် နောက်ရက်မှာတော့ ကျူးလွန်သူဟာ အဲ့ဒီစခန်းကပဲ(ဖမ်းဆီးချုပ်နှောင်ခံထားရသူ)ဘယ်ကျော်ဆိုသူဖြစ်တယ်ဆိုပြီး စခန်းမှူးကစွပ်စွဲခေါ်ဆောင်သွားကြောင်းနဲ့ ဘယ်ကျော်ဆိုသူကလည်း သူ့ရှေ့မှာပဲဝန်ခံခဲ့တယ်လို့ မသဇင်ကပြောပါတယ်။
ဒါ့အပြင် မသဇင်က “ကိုယ်ဝန်ရှိမှာကြောက်တယ်ဆိုပြီးတော့ စဖြစ်တဲ့ညမှာထဲက အကိုကြီး(တပ်ရင်းမှူး)ကို ပြောထားတော့ နောက်ရက်မှာအဲ့လိုမျိုးစီစဉ်ပေးတယ်(အရက်နဲ့ကျားငါးကောင်)။ အရက်နဲ့ကျားငါးကောင်နဲ့ကို နှစ်ခေါက်သောက်လိုက်တာ။ သမီးကအစာအိမ်ရှိတော့ ဗိုက်ကဖောင်းကားပြီးတော့ယောင်သွားတယ်။ အစာအိမ်ယောင်သွားတာ။ အမျိုးသားပြန်မလာသေးတော့ ဆေးခန်းမသွားရဘူး။ နားလည်းမနားရဘူး နေမကောင်းတာတောင်ဒိုက်တွေလည်းထိုးရတယ်။ အမျိုးသားလာပြီးမှပဲ ဆေးခန်းသွားရတယ်”လို့ ပြောပါတယ်။
မသဇင်ဖြစ်စဉ်ပေါ်ပေါက်နေတုန်းမှာပဲ ယင်းမာပင်၊ ပုလဲဒေသတွင်းမှာ တိုက်ပွဲတွေဖြစ်လာတာကြောင့် မသဇင်၊သမီးငယ်နဲ့ခင်ပွန်းတို့ကို စခန်းစောင့်ဖို့ဆိုပြီးချန်ထားခဲ့ပြီး တပ်ရင်းတခုလုံးကတော့ ဘေးလွတ်ရာကိုတိမ်းရှောင်သွားကြတယ်လို့ သိရပါတယ်။
အဲ့ဒီနောက် မသဇင်ဟာ သူ့ဖခင်ဖြစ်သူအကူအညီနဲ့ ဘေးလွတ်ကင်းရာကိုပြောင်းရွှေ့ခဲ့ရတယ်လို့ မသဇင်ပြောပြချက်အရ သိရပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စလင်လူမျိုးစုများအတိုင်ပင်ခံကော်မတီက ဒီကိစ္စနဲ့ပတ်သက်ပြီး အချက်လေးချက်တောင်းဆိုထားပါတယ်။
အဲ့ဒီထဲမှာ “(၁) ကျုးလွန်ခံရသူ အမျိုးသမီး၊ ကျုးလွန်ခံရသူ၏ ကလေးငယ်နှင့် မိသားစုဝင်များ၏ စိတ်ပိုင်း၊ ရုပ်ပိုင်း အာမခံချက် ချက်ချင်းရရှိရေး ဆောင်ရွက်ပေးရန်၊ (၂) ကျုးလွန်သူများအား လက်နက်ဖြုတ်သိမ်း၍ ထမ်းဆောင်နေသည့် တာဝန်များမှ ရပ်ဆိုင်း၍ စုံစမ်းစစ်ဆေး အရေးယူပေးရန်၊ (၃) အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ယခုဖြစ်ရပ်တွင် တာဝန်ခံပြီး၊ ရှေ့ဆက်တွင်လည်း တပ်ရင်းတပ်ဖွဲ့အသီးသီးအတွင်း လူမျိုးရေးခွဲခြားမှုများမရှိရန် ကြိုးပမ်းဆောင်ရွက်ပေးရန်၊ (၄) တော်လှန်ရေးတွင် ပါဝင်နေသူများအနေဖြင့် ရန်သူနှင့် တူညီသည့် စရိုက်လက္ခဏာများအားလုံးအား ရှောင်ရှားသည့် ဥပဒေများ ပြဌာန်း အကောင်အထည်ဖော်ရန်”တို့ ပါဝင်ပါတယ်။
ဒီအဖြစ်အပျက်နောက်ဆက်တွဲအနေနဲ့ တော်လှန်ရေးတစုံလုံးကိုမထိခိုက်ရေးအတွက် ဒီတောင်းဆိုချက်တွေကို အမြန်ဆုံးအကောင်အထည်ဖော်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
“စည်းကမ်းချိုးဖောက်သည့် ပြစ်ဒဏ်ကြောင့် တပ်တွင်းပြစ်ဒဏ်များ ချမှတ်ခြင်းသည် သက်ဆိုင်ရာစည်းမျည်းဥပဒေနှင့်သာ သက်ဆိုင်သည်။ ယခုကဲ့သို့ မုဒိန်းမှုကျုးလွန်မှုသည် ခွင့်မလွှတ်နိုင်စရာကိစ္စရပ်ဖြစ်သည်။ တဆက်တည်း တပ်ဖွဲ့တွင်း ကျုးလွန်သည့် လူမျိုးရေးခွဲခြားမှုများသည်လည်း ခွင့်လွှတ်နိုင်စရာမရှိပါ။ ဖက်ဆစ်လုပ်ရပ်များဖြစ်သည်”လို့ မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စလင်လူမျိုးစုများအတိုင်ပင်ခံကော်မတီက ပြောထားပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ယင်းမာပင်ခရိုင်တပ်ရင်း(၂၀)-ရိုးမရာဇာအဖွဲ့ရဲ့ တပ်ရင်းမှူး ကိုရန်ရှင်းအောင်ကတော့ မသဇင်ကိုပလဖရုံးမှာချုပ်နှောင်ထားချိန် အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့တာမှန်ကန်ကြောင်း၊ ဒေသတွင်းစစ်အုပ်စုစစ်ကြောင်းဝင်လာလို့တိုက်ပွဲဖြစ်ပွားချိန်မှာ မသဇင်တို့မိသားစုကို စခန်းစောင့်ထားခဲ့တာလည်းမှန်ကန်ကြောင်းတို့ကို TM Mediaမှာပြောဆိုထားပါတယ်။
ဒါပေမယ့် မသဇင်အဓမ္မပြုကျင့်ခံရမှုနဲ့ပတ်သက်ပြီး တပ်ရင်းမှူးကိုရန်ရှင်းအောင်က အခုလိုပြောပါတယ်။
“သူတိုင်တဲ့ဟာနဲ့ တကယ့်လက်တွေ့အနေအထားမှာ ကျနော်တို့မြင်တဲ့ဟာကဆိုရင် အင်း... ရုန်းရင်းဆန်ခတ်အနေအထားတခုမှာ လုပ်လို့ရတဲ့ဟာတွေ...၊ အဲ့ဒီခြေထောက်တွေမှာရေးထားတဲ့စာတွေဆိုရင် ကျနော်တို့အယူအဆမှာတော့ ကိုယ်တိုင်ပါဝင်စိတ်ပါလုပ်ဆောင်တယ်လို့ထင်လို့ အထက်ကိုဌာနကိုတက်ထားတာ။ သူကျနော့်ကို အသိပေးတိုင်ထဲကစပြီး ဌာနကိုပဲအပ်ထားတာ။ (မိန်းကလေးကအလိုတူအလိုပါ)အဲ့လိုယူဆလို့ ကျနော်တို့တပ်တွင်းအနေနဲ့ ဘာမှမလုပ်တော့ဘဲ လေးမြို့နယ်ကွပ်ကဲရေးရုံးကိုအပ်လိုက်တာ။ ဒီအမှုကိုစစ်ပေးပါဆိုပြီး ခရိုင်ရုံးကိုအပ်လိုက်တော့တာ”
ဒါ့အပြင် သံသယရှိသူဟာလည်း ပထမရက်မှာဟုတ်တယ်လို့ဝန်ခံခဲ့ပြီး နောက်တစ်ရက်မှာကျ မလုပ်ခဲ့ဘူးလို့ပြန်ပြောတယ်လို့ တပ်ရင်းမှူးကဆိုပါတယ်။

မသဇင်ဖြစ်စဉ်နဲ့ပတ်သက်ပြီးသိရှိရဖို့အတွက် Burma VJအနေနဲ့ ယင်းမာပင်ခရိုင်ကွပ်ကဲရေးအဖွဲ့တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
လက်ရှိမှာ ဒီဖြစ်စဉ်ဟာနှစ်လကျော်ကြာလာပြီဖြစ်ပေမယ့် ဒါနဲ့ပတ်သက်ပြီး တရားမျှတမှုမရရှိသေးတာကြောင့် သက်ဆိုင်ရာအဖွဲ့တွေကိုတိုင်ကြားနိုင်ဖို့လုပ်ဆောင်နေတယ်လို့လည်း မသဇင်ကပြောထားပါတယ်။
ဓါတ်ပုံ-TM Media




Comments