ယင်းမာပင်ခရိုင် တပ်ရင်း(၂၀)အတွင်းဖြစ်ပွားခဲ့တဲ့မုဒိန်းမှုအတွက် တရားမျှတမှုမရသေး
- BVJ

- Jul 2
- 1 min read
မိုနာ/BVJ_ဇူလိုင် ၂၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းက NUGလက်အောက်ခံ တပ်ရင်းအမှတ် (၂၀)က PDF ရဲမေတစ်ဦး မုဒိန်းကျင့်နှိပ်စက်ခံရတဲ့အမှုနဲ့ပတ်သက်ပြီး ခြောက်လကျော်ကြာတဲ့အထိ ကျူးလွန်သူတွေကိုအပြစ်ပေးအရေးယူနိုင်ခြင်းမရှိသေးတာကြောင့် အမြန်ဆုံးစုံစမ်းစစ်ဆေးပြီးအရေးယူပေးဖို့ အဖွဲ့အစည်းပေါင်း ၁၇၂ဖွဲ့က ဒီနေ့ ဇူလိုင် ၂ရက်မှာတောင်းဆိုလာပါတယ်။
၂၀၂၅၊ဒီဇင်ဘာလမှာ တပ်ရင်း(၂၀)ရဲ့ရဲမေဟာ အဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲအလှူခံတယ်ဆိုပြီး တပ်ရင်း (၂၀)တပ်ရင်းမှူးနဲ့၊ ဒုတပ်ရင်းမှူးကရိုက်နှက်နှိပ်စက်ကာ ခရိုင်ပြည်သူ့လုံခြုံရေး (ပ.လ.ဖ)အချုပ်မှာဖမ်းဆီးချုပ်နှောင်ထားခဲ့ချိန်မှာ ကလေးနဲ့ခြိမ်းခြောက်အဓမ္မပြုကျင့်၊ ခြေထောက်မှာဓါးနဲ့မွှန်းခံခဲ့ရတာဖြစ်ပါတယ်။
အဲ့ဒီဖြစ်စဉ်အပေါ် ကာယကံရှင်ကမီဒီယာတွေကိုထုတ်ဖော်ပြောပြီးနောက်မှာ ၂၀၂၆၊မတ်လ ၁၁ ရက်နေ့မှာတော့ တပ်ရင်းမှူးအပါအဝင် သံသယရှိသူတွေကိုဖမ်းဆီးစစ်ဆေးနေကြောင်း NUGကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
မတ်လ ၁၃ရက်မှာတော့ နစ်နာသူကို စုံစမ်းစစ်ဆေးရေးခုံရုံးကို တပတ်အတွင်း လူကိုယ်တိုင်လာရောက်ဖို့ဆင့်ခေါ်စာကို နစ်နာသူရဲ့အဖေနဲ့ပုဂ္ဂိုလ်ရေးအရရင်းနှီးသူ အင်းတော်စစ်ဒေသ တာဝန်ရှိသူတစ်ဦးကပေးပို့လာခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် နစ်နာသူရဲမေက စိတ်မလုံခြုံမှုကြောင့် Zoom(အွန်လိုင်း)ကနေတဆင့်အစစ်ဆေးခံမယ်လို့ ဆင့်ခေါ်စာပေးပို့သူကနေတဆင့် ပြန်လည်အကြောင်းကြားစာပေးပို့ခဲ့ပေမယ့် အဲ့ဒီသူက"ခုံရုံးသို့ ပြန်လည်အကြောင်းပြန်ပေးရန်တာဝန်မရှိ" လို့ဆိုပြီးအကြောင်းပြန်စာကို လက်မခံခဲ့ဘူးလို့ အဖွဲ့အစည်း ၁၇၂ဖွဲ့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
အဲ့ဒီကနေ ထပ်ဆက်သွယ်လာခြင်းမရှိဘဲ သံသယတရားခံတွေနဲ့ပက်သက်ပြီးလည်းနောက်ဆက်တွဲထုတ်ပြန်ချက်မရှိသလို NUGအစိုးရအနေနဲ့အမှုဖြစ်စဉ်အပေါ်မှာ ထိရောက်တိကျတဲ့စုံစမ်းမှုထုတ်ပြန်ခြင်းတွေ၊ အရေးယူမှုတွေလုပ်ဆောင်ထားခြင်းမတွေ့ရကြောင်းနဲ့ နစ်နာမှုကိုမကာကွယ်ပေးနိုင်တာ စတဲ့အားနည်းချက်တွေကိုတွေ့ရကြောင်း အဖွဲ့အစည်းတွေကထုတ်ပြန်ပါတယ်။
ဒါကြောင့် ထပ်မံတောင်းဆိုမှုပြုလုပ်လာပြီး အဲ့ဒီတောင်းဆိုမှုတွေထဲမှာ ကျန်ရှိနေတဲတောင်းဆိုချက် (၂) ချက်အပါအဝင် တပ်ရင်း(၂၀)တပ်ရင်းမှူး ရန်ရှင်းအောင်၊ မုဒိန်းမှုကျုးလွန်သူအပါအဝင် အခြားကျုးလွန်သူ၊ပါဝင်ပတ်သက်သူတွေအားလုံးကို တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ တရားစီရင်ရေးစနစ်အရအမြန်ဆုံးစုံစမ်းစစ်ဆေးပြီး အရေးယူပေးဖို့၊ လိုအပ်ရင် လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့/ကော်မရှင်ကတဆင့်စုံစမ်းဖို့ စတာတွေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ယင်းမာပင်ခရိုင်တပ်ရင်း (၂ဝ)အပါအဝင် သက်ဆိုင်ရာအစုအဖွဲ့တွေကို တောင်းဆိုထားပါတယ်။
ဒါ့အပြင် NUGရဲ့ထုတ်ပြန်ချက်ထဲမှာ "လူမျိုးဘာသာအခြေခံခွဲခြားမှု"ကို လုံးဝထည့်သွင်းပြောထားတာမရှိတာကြောင့် တော်လှန်ရေးအတွင်းက လူမျိုးရေး၊ ဘာသာရေးအခြေခံခွဲခြားမှုဖြစ်စဉ်တို့ကို ထည့်သွင်းဖော်ပြဖို့တို့ကိုလည်း တောင်းဆိုထားပါတယ်။
ပြီးတော့ ရှေ့မှာအလားတူဖြစ်ရပ်တွေကို ထိရောက်စွာအရေးမယူနိုင်ခဲ့တဲ့အတွက် အခုလို ဖြစ်စဉ်မျိုးတွေထပ်မံဖြစ်ပွားနေတာဖြစ်ပြီး တော်လှန်ရေးကာလ (၅)နှစ်အတွင်းကျူးလွန်ခံခဲ့ရတဲ့ အမျိုးသမီးနဲ့ကလေးငယ်တွေအတွက် တရားမျှတမှု၊အရေးယူမှုအမြန်ဆုံးဖော်ဆောင်ပေးကာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးရေးမူဝါဒတွေနဲ့ တော်လှန်ရေးအဖွဲ့ အစည်းတွေအတွင်း မည်သည့်ဘာသာဝင်၊ မည်သည့်လူမျိုးကိုမဆို ခွဲခြားဆက်ဆံခြင်းမပြုရေးမူဝါဒတွေကို လက်တွေ့ကျကျအကောင်အထည်ဖော်ဖို့ကို NUGကိုတောင်းဆိုထားပါတယ်။
အခုတောင်းဆိုတဲ့ ၁၇၂ဖွဲ့ထဲမှာ မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)၊ အမျိုးသမီးမဟာမိတ်အင်အားစု(WAB)၊ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB)၊ အထွေထွေသပိတ်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(GSCC)၊ ညီမျှခြင်းမြန်မာ၊ သပိတ်အင်အားစုတွေနဲ့ သမဂ္ဂအဖွဲ့အစည်း စတာတွေပါဝင်ပါတယ်။




Comments