သံတွဲမြို့နယ်ထဲကအရပ်သားပစ်မှတ်တွေ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခံနေရ၊အရပ်သား ၁၀ဦးထက်မနည်း သေဆုံး
- BVJ

- 19 hours ago
- 1 min read
သူရ/BVJ- သြဂုတ် ၁၁၊ ၂၀၂၆

၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၀) ရက်နေ့ နေ့လယ်တစ်နာရီလောက်က သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ပေါင် (၃၀၀) ဗုံးတွေသုံးပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအရပ်သား(၁၀)ဦးထက်မနည်းသေဆုံးပြီး (၈)ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ AAကထုတ်ပြန်ထားပါတယ်။
ဗုံးသီးတွေက ကျောက်ကြီးကျေးရွာ ဓမ္မရောင်ခြည်ဘုန်းကြီးကျောင်းအနီးတဝိုက်ကိုကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး၊ ပြီးခဲ့တဲ့ ဩဂုတ်လ (၃) ရက်နေ့ကလည်း ငပလီမြို့၊ ဂျိတ္တော(၉)ရပ်ကွက်ကို စစ်တပ်က တိုက်လေယာဉ်တွေနဲ့ ဗုံးအလုံးရေ(၆၀)နီးပါး အစုလိုက်အပြုံလိုက်လာကြဲခဲ့ပါသေးတယ်။

အဲ့ဒီမတိုင်ခင် ဇူလိုင်လ (၁၉၊ ၂၃၊ ၂၄၊ ၂၇ နဲ့ ၃၁) ရက်နေ့တွေမှာလည်း သံတွဲမြို့နယ်ထဲကကျေးရွာတွေကို နေ့ရောညပါလေကြောင်းနဲ့အကြိမ်ကြိမ်ဗုံးကြဲခဲ့တာကြောင့် ပြည်သူတွေ သေဆုံး၊ ဒဏ်ရာရတာတွေအပြင် လူနေအိမ်နဲ့ အဆောက်အအုံတွေလည်း အများကြီးပျက်စီးဆုံးရှုံးခဲ့ရပါတယ်။
ဒါကြောင့် ရခိုင်ပြည်နယ်ကမိဘပြည်သူတွေအနေနဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းနဲ့ ရေကြောင်းရန်တွေကို အရင်ကထက်ပိုပြီးသတိထားကြဖို့ AA ကတိုက်တွန်းထားပါတယ်။ စစ်ကောင်စီဘက်က ငပလီကမ်းခြေဘက်မှာရှိတဲ့ သံတွဲအပြင် အမ်းနဲ့ မြောက်ဦးဘက်ကိုလည်း ဗုံးကြဲတိုက်ခိုက်မှုတွေဆက်လုပ်နေတာကြောင့် နေ့စဉ်လိုလိုအရပ်သားသေဆုံးမှုတွေပိုများလာနေတာဖြစ်ပါတယ်။
လက်ရှိအခြေအနေမှာတော့ ရခိုင်ပြည်နယ်အတွင်း စုစုပေါင်းမြို့နယ် (၁၇) မြို့နယ်ရှိတဲ့အနက် AAကမြို့နယ်(၁၄)မြို့နယ်ကို အပြီးသတ်သိမ်းပိုက်ထားနိုင်ပြီဖြစ်ပြီး၊ စစ်ကောင်စီဘက်ကတော့ စစ်တွေမြို့၊ ကျောက်ဖြူမြို့နဲ့ မာန်အောင်မြို့နယ်(၃)ခုကိုပဲ ဆက်လက်ထိန်းချုပ်ထားနိုင်ပါတော့တယ်။
ခရက်ဒစ်-AA အင်ဖိုဒက်စ်




Comments