မြန်မာစစ်တပ်က အရပ်သားပစ်မှတ်တွေကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက်မှုတွေ ဆက်တိုက်ကျူးလွန်နေကြောင်း IIMM အဖွဲ့အစီခံရင်ခံစာမှာ ဖော်ပြ
- BVJ

- 19 hours ago
- 1 min read
အီးကေ/BVJ- သြဂုတ် ၁၁၊ ၂၀၂၆

ဒီနေ့ထုတ်ပြန်လိုက်တဲ့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM)ရဲ့အစီရင်ခံစာအရ မြန်မာစစ်တပ်ဟာ အရပ်သားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ လေကြောင်းကနေတိုက်ခိုက်တာ၊ ဖမ်းဆီးချုပ်နှောင်တာ၊ ညှဉ်းပန်းနှိပ်စက်တာနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို ဆက်တိုက်ကျူးလွန်နေတာတွေ့ရတယ်လို့ ဆိုပါတယ်။
ဒီနှစ် ဇန်နဝါရီလမှာကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲမတိုင်မီကာလတွေတုန်းကဆိုရင် အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အခြားရာဇဝတ်မှုတွေကို စစ်တပ်ကပိုပြီးတိုးမြှင့်ကျူးလွန်လာခဲ့တာပါ။ အဲ့ဒီလိုတိုက်ခိုက်မှုတွေဟာ လက်ရှိအချိန်အထိလည်းလျော့နည်းသွားတာမျိုးမရှိဘဲ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တယ်လို့ IIMM ရဲ့အကြီးအကဲ နီကိုလပ်စ် ကွမ်ဂျန် (Nicholas Koumjian) ကပြောပါတယ်။
"မြန်မာနိုင်ငံတဝန်းကပြည်သူတွေဟာ အကြမ်းဖက်မှုအန္တရာယ်အောက်မှာ နေ့စဉ်ရှင်သန်နေကြရတဲ့အပြင်၊ နက်ရှိုင်းပြီးရေရှည်ဖြစ်လာမယ့် အကျိုးဆက်တွေကိုလည်း ရင်ဆိုင်ဖြေရှင်းနေကြရပါတယ်။ ဒီအချက်က ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူတွေဆီကတာဝန်ခံမှုရရှိဖို့ အရေးတကြီးလိုအပ်နေတယ်ဆိုတာကို အလေးအနက်ဖော်ပြနေပါတယ်"လို့ သူကဆိုပါတယ်။
၂၀၂၅ခုနှစ်၊ဇူလိုင်လ (၁) ရက်ကနေ ၂၀၂၆ ခုနှစ် ဇွန်လ (၃၀) ရက်အထိ ဖြစ်ခဲ့တာတွေတင်ပြထားတဲ့ဒီအစီရင်ခံစာထဲမှာဆိုရင် နေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ စစ်ရှောင်စခန်းတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေဗုံးကြဲတိုက်ခိုက်နေမှုတွေကို စုံစမ်းဖော်ပြထားပါတယ်။
ဒါ့အပြင် စစ်တပ်ရဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ ဥပဒေနဲ့မညီဘဲဖမ်းဆီးတာ၊ ညှဉ်းပန်းနှိပ်စက်တာနဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့ပတ်သက်တဲ့ ကျယ်ပြန့်တဲ့ သက်သေအထောက်အထားတွေကိုလည်း အစီရင်ခံစာထဲမှာ စုဆောင်းစီစစ်ထားပါတယ်။ အဲ့ဒီထဲမှာ ၂၀၂၅ ခုနှစ်ကပြဋ္ဌာန်းခဲ့တဲ့ ရွေးကောက်ပွဲကိုဝေဖန်တာကို ရာဇဝတ်မှုမြောက်စေတဲ့ဥပဒေနဲ့ပတ်သက်တဲ့ အမှုတွေလည်း ပါဝင်နေပါတယ်။
အဲ့ဒီဥပဒေကြောင့် လူတွေအများကြီးဖမ်းဆီးခံခဲ့ရပြီး ဆိုရှယ်မီဒီယာပေါ်မှာ ရွေးကောက်ပွဲကိုဝေဖန်ရေးသားတာတွေအတွက် ထောင်ဒဏ် အနှစ် (၂၀) သို့မဟုတ် သေဒဏ်အထိချမှတ်ခံရနိုင်တဲ့အမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။
IIMM အဖွဲ့အနေနဲ့ မြန်မာစစ်တပ်ဘက်ကကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပြင်၊ စစ်တပ်ကိုဆန့်ကျင်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေဘက်က ပါဝင်ပတ်သက်တယ်လို့စွပ်စွဲခံရတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကိုလည်း ဆက်လက်စုံစမ်းစစ်ဆေးနေတယ်လို့ ဖော်ပြထားပါတယ်။
ဒီစုံစမ်းစစ်ဆေးမှုတွေအတွက် သက်သေ (၇၅၀)ကျော်ရဲ့ထွက်ဆိုချက်တွေအပြင်၊ ရင်းမြစ်ပေါင်း (၁,၆၀၀) ကျော်ကနေရရှိတဲ့အချက်အလက်တွေ၊ ဓာတ်ပုံ၊ ဗီဒီယို၊ အသံဖိုင်၊ စာရွက်စာတမ်း၊ မြေပုံ၊ ဂြိုဟ်တုပုံရိပ်၊ ဆိုရှယ်မီဒီယာပို့စ်တွေနဲ့ မှုခင်းဆေးပညာအထောက်အထားတွေကိုအခြေခံပြီး စုဆောင်းစစ်ဆေးထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ခံမှုရှိလာအောင်ဖော်ဆောင်ပေးနေတဲ့ နိုင်ငံတကာတရားရေးအာဏာပိုင်အဖွဲ့အစည်းတွေဆီကို သက်သေအထောက်အထားတွေနဲ့ စိစစ်သုံးသပ်ချက်တွေကို IIMM ယန္တရားဘက်ကဆက်လက်မျှဝေပေးနေပြီး အဲ့ဒီထဲမှာ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICJ )လည်း ပါဝင်ပါတယ်။




Comments