စစ်အုပ်စုထိုးစစ်ကိုခုခံဖို့ ခဲယမ်းလိုအပ်ချက်ရှိနေဟု ယင်းမာပင်ခရိုင်တပ်ဖွဲ့တွေပြော
- BVJ

- Sep 1
- 1 min read
မိုနာ/BVJ_ စက်တင်ဘာ ၁၊ ၂၀၂၅

ရွေးကောက်ပွဲအတွက်ပြင်ဆင်နေတဲ့ စစ်အုပ်စုဟာ စစ်ရှုံးထားတဲ့မြို့နယ်တွေကို ပြန်လည်ရရှိရေးအတွက် အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတာမှာ စစ်ကိုင်းတိုင်းလည်းပါဝင်ပါတယ်။
စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေကိုစစ်ကြောင်းထိုး၊ ထိုးစစ်ဆင်မှုတွေကို အရှိန်အဟုန်ပြင်းပြင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း-၆ က ပြောပါတယ်။
“လက်ရှိကာကလမှာ စစ်ကောင်စီကထိုးစစ်တွေကို ကျနော်တို့ဒေသဘက်တွေရော အညာဒေသဖက်တွေကိုရော အရှိန်အဟုန်ပြင်းပြင်းနဲ့ထိုးလာတာ ခပ်စိပ်စိပ်တွေ့ရတယ်ပေါ့နော်။ ကျနော်တို့မြို့နယ်မှာလည်း စစ်ကြောင်းထိုးလာတာတွေ့ရတယ်။ တခြားမြို့နယ်တွေမှာလည်း ထိုးနေတယ်။ ဒီလိုစစ်ကောင်စီဘက်က ထိုးစစ်ဆင်လာတဲ့အနေအထားမှာ ကျနော်တို့တပ်တွေက အရင်ပုံစံမျိုးနဲ့သမရိုးကျသွားလို့မရတော့ဘဲနဲ့ သေချာစုဖွဲ့မှုကောင်းကောင်းနဲ့ ကျစ်လစ်စုဖွဲ့ပြီးတော့ ထိုးလာတဲ့ထိုးစစ်တွေကို ကောင်းကောင်းခုခံကာကွယ်နိုင်မှ တော်လှန်ရေးအရွေ့တခုကို ရောက်မှာပေါ့နော်”
ယင်းမာပင်မြို့နယ်ပကဖဖြစ်တဲ့ ULFစစ်ကြောင်းက ကိုမင်းမင်းကလည်း “စစ်ကောင်စီကလည်း အခုကာလမှာစစ်ကြောင်းက တအားထိုးလာတဲ့အချိန် ဖြစ်လာတယ်။ ထိုးလာတဲ့အချိန်မှာ ကျနော်တို့လက်ထဲမှာလည်း ခဲယမ်းမရှိဘူး။ မြေပြင်မှာခဲယမ်းမလုံလောက်မှုကြောင့် စစ်ကြောင်းထိုးလာရင် လုပ်သင့်လုပ်ထိုက်တဲ့အလုပ်တွေလည်း အများကြီးတွေ့ရတယ်။ ဒါပေမယ့်ကျနော်တို့မှာလုပ်ချင်တဲ့အပိုင်းတွေရှိပေမယ့်လည်း အခက်အခဲတွေ ဖြစ်နေတာပေါ့နော်။ ဒီခဲယမ်းမလုံလောက်မှုကြောင့်။ တချို့ဆိုကိုယ့်ပိုင်နက်ထဲရောက်တယ်။ ကျနော်တို့ တိုက်ချင်သော်ငြားလည်းပဲ ကိုယ့်ဆီမှာတကယ်ထိုးစစ်ဆင်လာရင် ခုခံနိုင်တဲ့ခဲယမ်းမရှိလို့ရှိရင် ကျနော်တို့ အခက်အခဲတွေ့မှာစိုးလို့ တချို့အရာတွေမှာဟပေးလိုက်ရတာတွေရှိတယ်ပေါ့နော်။ တအားကြီးဆိုးဆိုးရွားရွားလုပ်လာမယ့်အချိန်ကိုပဲ ကျနော်တို့ကကာကွယ်ရမယ့်အခြေအနေ ဖြစ်နေတယ်”လို့ ပြောပါတယ်။
ULFစစ်ကြောင်းနဲ့ယင်းမာပင်ခရိုင်တပ်ရင်း-၆ အတွက် မနေ့က သြဂုတ် ၃၁ရက်ညက ပြုလုပ်တဲ့ ကမ်ပိန်းဖွင့်ပွဲမှာ ပြောခဲ့ကြတာဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိပုလဲနယ်က နှောရိုးနဲ့ငှက်ပျောတောမှာတပ်စွဲပြီး စစ်ကြောင်းထိုးနေတဲ့ စစ်အုပ်စုကိုလည်း ခဲယမ်းမလုံလောက်မှုကြောင့် နှစ်ကြိမ်တိုင်နောက်ဆုတ်ပေးခဲ့ရတာဖြစ်တယ်လို့ ယင်းမာပင်ခရိုင်တပ်ရင်း-၆ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ရန်သူ့ဆီက ပါရာမော်တာတွေနဲ့ချတာတွေ၊ ပွိုင့်တွဲနဲ့ချတာတွေ ရန်သူ့ရဲ့ခဲယမ်းအင်အားတွေက ကျနော်တို့က ဘယ်လိုမှမယှဉ်နိုင်တဲ့အခြေအနေမှာ နောက်ဆုတ်ပေးခဲ့ရတယ်။ ကျနော်တို့သာ အုပ်ချုပ်ထောက်ပံ့မှု ကောင်းကောင်းနဲ့သာပေးမယ်ဆိုရင် ကျနော်တို့ရဲဘော်တွေက ဒီလိုအခြေအနေမျိုးနဲ့ကြုံမှာမဟုတ်ဘူး။ ကျနော်တို့ဒီပုလဲနယ်မှာ စိုးမိုးနေတဲ့စစ်ကြောင်းဆိုတာကလည်း လက်ရှိကြုံတွေ့ခဲ့တဲ့နှစ်ပွဲနဲ့တင် ဒီစစ်ကြောင်းကိုအကောင်းဆုံးဟန့်တားနိုင်ခဲ့ရင် အခုလိုအခြေအနေမျိုးတောင် ရောက်လာမှာမဟုတ်ဘူး”
မြေပြင်မှာထိုးစစ်ဆင်နေတဲ့ စစ်အုပ်စုကိုခုခံကာကွယ်နိုင်ဖို့အတွက် “အနောက်မြောက်လွင်ပြင်သို့”ဆိုတဲ့ ကျည်ငါးသောင်းကမ်ပိန်းပြုလုပ်နေတာဖြစ်ပါတယ်။
ပုံစာ- ယင်းမာပင်ခရိုင်တပ်ရင်း -၆နဲ့ ULFရဲဘော်များ။







Comments