ယင်းမာပင်ခရိုင် တပ်ရင်း-၆ ဒုတပ်ရင်းမှူး စခန်းသိမ်းတိုက်ပွဲအတွင်းကျဆုံး

BVJ/ဇော် - ဩဂုတ် ၂ ၊ ၂၀၂၅

စစ်ကောင်စီတပ် စခန်းသိမ်းတိုက်ပွဲအတွင်း ပုံတောင် Tiger PDF ရဲ့ခေါင်းဆောင် ဦးကံ (ခ) ဗိုလ်စစ်မုန်း ကျဆုံးခဲ့တယ်လို့ ဒီနေ့ ဩဂုတ်လ (၂) ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ပုံတောင် Tiger PDF ခေါင်းဆောင်၊ ယင်းမာပင်ခရိုင် တပ်ရင်း (၆) ဒုတပ်ရင်းမှူး ဗိုလ်စစ်မုန်းဟာ ဇူလိုင်လ ၃၀ ရက် မနက်ပိုင်းက စစ်ကောင်စီတပ် စခန်းသိမ်းတိုက်ပွဲအတွင်းမှာ ကျည်ထိမှန်ကျဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
"အင်မတန်ကြီးမားသော ဆုံးရှုံးမှုတခုဖြစ်ခဲ့ရသလို ရဲဘော်တွေအတွက်ဘယ်တော့မှ မေ့နိုင်မှာမဟုတ်တော့တဲ့နေ့ရက်တခုလည်းဖြစ်ပါတယ်"လို့ ပုံတောင် Tiger PDF က ဖော်ပြထားပါတယ်။
ဗိုလ်စစ်မုန်းကျဆုံးမှုနဲ့ပတ်သက်ပြီး သိရှိရဖို့အတွက် ပုံတောင် Tiger PDF ကို Burma VJ က ဆက်သွယ်မေးမြန်းပေမယ့် ပြန်လည်ဖြေဆိုတာမရှိသေးပါဘူး။
Local PDF တပ်ဖွဲ့ဖြစ်တဲ့ ပုံတောင်တိုက်ဂါး PDF ရဲ့ ခေါင်းဆောင်ဖြစ်သူ ဗိုလ်စစ်မုန်းဟာ စစ်ကောင်စီတပ်က အာဏာသိမ်းပြီးတဲ့နောက် ၂၀၂၁ ခုနှစ် မတ်လမှာကတည်းက လက်နက်ကိုင်ပြီး စစ်ကောင်စီကို တော်လှန်ခဲ့တဲ့သူတစ်ဦးဖြစ်သလို တော်လှန်ရေးအတွက် မြေပေါင်၊ ယာပေါင်ပြီး တိုက်ပွဲဝင်ခဲ့သူဖြစ်ကြောင်းကို ရဲဘော်နှင်းရိပ်နွေကသူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။

ဗိုလ်စစ်မုန်း ကျဆုံးချိန်မှာ အမျိုးသမီးနဲ့ကလေးသုံးယောက်တို့ ကျန်ခဲ့တယ်လို့လည်း သိရပါတယ်။
ဗိုလ်စစ်မုန်းခေါင်းဆောင်ခဲ့တဲ့ ပုံတောင်တိုက်ဂါး PDF တပ်ဖွဲ့ကတော့ ပုလဲနယ်မှာ ဒေသတော်လှန်ရေးတပ်ဖွဲ့အဖြစ် ဖွဲ့စည်းလုပ်ဆောင်နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလကစတင်ပြီးတော့ Eagle Wings Drone Force နဲ့ပူးပေါင်းကာ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမှတ် (၁) စစ်ဒေသ၊ ယင်းမာပင်ခရိုင်၊ တပ်ရင်း (၆) ရဲ့ Drone တပ်ဖွဲ့အဖြစ် ပေါင်းစပ်ဖွဲ့စည်းထားပါတယ်။

Comments