ယင်းမာပင်တပ်ရင်း၂၀အတွင်းဖြစ်ခဲ့တဲ့အမှုကို အမြန်ဆုံးအရေးယူပေးဖို့ အဖွဲ့အစည်း ၁၄၉ဖွဲ့စုပေါင်းတောင်းဆို
- BVJ

- 7 minutes ago
- 1 min read
မိုနာ/BVJ_မတ် ၉၊ ၂၀၂၆

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်တပ်ရင်း(၂၀)အတွင်းဖြစ်ပွားခဲ့တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အမြန်ဆုံး စုံစမ်းစစ်ဆေး အရေးယူပေးဖို့ကို အမျိုးသမီးနဲ့ကျောင်းသားအဖွဲ့အစည်းတွေအပါအဝင် အဖွဲ့အစည်းပေါင်း ၁၄၉ဖွဲ့က ဒီနေ့ မတ်လ ၉ရက်မှာစုပေါင်းတောင်းဆိုလိုက်ပါတယ်။
ယင်းမာပင်ခရိုင်တပ်ရင်း(၂၀)-ရိုးမရာဇာတပ်ဖွဲ့အတွင်း တာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီးရဲဘော်အပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ချုပ်နှောင် ညှင်းပန်းနှိပ်စက်မှု၊ ဘာသာရေးအခြေခံ ခွဲခြားဆက်ဆံမှု စတာတွေကိုကျူးလွန်ခဲ့တာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ယင်းမာပင်ခရိုင် တပ်ရင်း (၂၀)အပါအဝင် သက်ဆိုင်ရာ အစုအဖွဲ့ကို အခုလိုတောင်းဆိုလာတာဖြစ်ပါတယ်။
တောင်းဆိုချက်တွေထဲမှာ (က) တပ်ရင်းမှူး ရန်ရှင်းအောင်၊ မုဒိန်းမှုကျုးလွန်သူ အပါအဝင် အခြားကျုးလွန်သူများ၊ ပါဝင်ပတ်သက်သူများအားလုံးကို တော်လှန်ရေး အဖွဲ့အစည်းများ၏ တရားစီရင်ရေးစနစ်အရ အမြန်ဆုံး စုံစမ်းစစ်ဆေးပြီး အရေးယူပေးရန်။ လိုအပ်ပါက လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့/ကော်မရှင်မှတဆင့် စုံစမ်းရန်။
(ခ) နစ်နာသူ အမျိုးသမီး၊ ၎င်း၏ အမျိုးသားနှင့် သမီးငယ်လေးတို့အား တပ်ရင်း၏ ဖိအားပေးမှုများမှ ကင်းလွတ်သော ဘေးကင်းရာနေရာသို့ အမြန်ဆုံး ရွှေ့ပြောင်းစောင့်ရှောက်ပေးရန်၊
(ဂ) အလားတူဖြစ်ရပ်များကို ထိရောက်စွာ အရေးမယူနိုင်ခဲ့သည့်အတွက် ယခုလို ဖြစ်စဉ်မျိုး ထပ်မံ ဖြစ်ပွားနေခြင်းဖြစ်ပြီး အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် တော်လှန်ရေးကာလ ၅နှစ်အတွင်း ကျူးလွန်ခံခဲ့ရသော အမျိုးသမီးနှင့် ကလေးငယ်များအတွက် တရားမျှတမှု၊ အရေးယူမှု အမြန်ဆုံး ဖော်ဆောင်ပေးပြီး အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးရေးမူဝါဒများနှင့် တော်လှန်ရေး အဖွဲ့အစည်းများအတွင်း မည်သည့် ဘာသာဝင်၊ မည်သည့် လူမျိုးကိုမဆို ခွဲခြားဆက်ဆံခြင်းမပြုရေး မူဝါဒများကို လက်တွေ့ကျကျ အကောင်အထည်ဖော်ရန် တို့ပါဝင်ပါတယ်။
တော်လှန်ရေးအင်အားစုတွေအတွင်း အခုလိုလိင်၊လူမျိုး ဘာသာခွဲခြားဖိနှိပ်မှုတွေကို ဆန့်ကျင်ဖို့အထူးအရေးကြီးပြီး မတရားမှုတွေကိုမျက်ကွယ်မပြုဘဲ ထိရောက်စွာကိုင်တွယ်ဖြေရှင်းဖို့ကိုလည်း တိုက်တွန်းထားကြပါတယ်။
အခု ယင်းမာပင်ခရိုင်၊ တပ်ရင်း (၂၀)အတွင်းဖြစ်ပွားခဲ့တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပေါ် ထိထိရောက်ရောက် အရေးယူဖို့ အဖွဲ့အစည်း ၁၄၉ ဖွဲ့က စုပေါင်း တိုက်တွန်းတဲ့အဖွဲ့တွေထဲမှာ ဗကသများအဖွဲ့ချုပ်၊ Progressive Voice၊ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)၊ စစ်ကိုင်းတိုင်းသပိတ်အင်အားစု၊ မြန်မာမွတ်စ်စလင်အစည်းအရုံး၊ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး အထွေထွေသပိတ်ကော်မတီ-GSC၊ အညာပစ်တိုင်းထောင်လေးများ၊ အမျိုးသမီးမဟာမိတ်အင်အားစု တို့အပါအဝင် အမျိုးသမီးအဖွဲ့တွေ၊ ဒေသတွင်း ကူညီကယ်ဆယ်ရေးတွေ၊ သပိတ်ကော်မတီတွေ၊ ကျောင်းသားသမဂ္ဂအဖွဲ့အစည်းတွေပါဝင်ပါတယ်။
ယင်းမာပင်တပ်ရင်း(၂၀)ရဲ့တပ်ဖွဲ့ဝင် အမျိုးသမီးရဲဘော်ဖြစ်တဲ့ မသဇင်ဟာ တပ်ရင်းရဲ့ခွင့်ပြုချက်မရှိဘဲ ကျေးရွာအတွင်းအလှူခံတာကြောင့် ပြီးခဲ့တဲ့ ၂၀၂၅၊ ဒီဇင်ဘာလနောက်ဆုံးပတ်မှာ တပ်ရင်းကဖမ်းဆီးပြီး ပလဖရုံးအချုပ်ခန်းထဲပို့ဆောင်ချုပ်နှောင်ခဲ့ပါတယ်။ အဲ့ဒီဖမ်းဆီးချုပ်နှောင်ထားချိန်အတွင်းမှာ ကြိုးနဲ့တုတ်၊ပါးစပ်အဝတ်စည်းပြီး သုံးရက်ဆက်တိုက်အဓမ္မပြုကျင်ခံခဲ့ရသလို နှိပ်စက်ညှင်းပန်းမှုတွေ၊ လူမျိုးရေးခွဲခြားမှုတွေနဲ့ (၃)နှစ်သမီးငယ်နဲ့မသဇင်တို့ကို အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေကိုပြုလုပ်ခဲ့ကြောင်းနဲ့ လက်ရှိအချိန်မှာလည်း မသဇင်နဲ့အမျိုးသား၊သမီးငယ်တို့ဟာ ဘေးလွတ်ရာကိုတိမ်းရှောင်နေပေမယ့် တပ်ရင်းကပြန်လာခဲ့ဖို့ဆိုပြီး ဖိအားပေးခြိမ်းခြောက်မှုတွေရှိနေတယ်လို့လည်း ကာယကံရှင် မသဇင်ကပြောထားပါတယ်။
အဲ့ဒီအမှုနဲ့ပတ်သက်ပြီး ကျူးလွန်သူတွေကိုလက်နက်ဖြုတ်သိမ်းကာ တာဝန်ကနေရပ်ဆိုင်းပြီး စုံစမ်းစစ်ဆေးအရေးယူပေးဖို့ကို မြန်မာနိုင်ငံလုံးဆိုင်ရာမွတ်စလင်လူမျိုးစုများအတိုင်ပင်ခံကော်မတီကလည်း အခုလ ၅ရက်မှာ တောင်းဆိုထားပါသေးတယ်။




Comments