ကိုယ်ဝန်ဆောင်အမျိုးသမီးကို ဖမ်းဆီးချုပ်နှောင်ရိုက်နှက်အဓမ္မပြုကျင့်မှုနဲ့ ယင်းမာပင်ခရိုင် တပ်ရင်း-၂၆ တပ်ရင်းမှူး တိုင်ကြားခံရ
- BVJ

- Jul 30
- 1 min read
ရိုက်နှက်အဓမ္မပြုကျင့်ခံရမှုကြောင့် ကိုယ်ဝန်ပျက်ကျ
မိုနာ/BVJ_ ဇူလိုင် ၃၀၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်း(၂၆)ရဲ့ တပ်ရင်းမှူးဆိုသူဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို ဖမ်းဆီးအဓမ္မပြုကျင့်ခဲ့တာကြောင့် တိုင်ကြားခံထားရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အသက် ၂၀အရွယ်ရှိအမျိုးသမီး မယု(အမည်လွှဲ)ဟာ အခုနှစ် ဇွန်လ ၂ရက်နေ့(နယုန်လဆန်း ၇ရက်)မှာ လက်လှုပ်ကျေးရွာကနေ အေးကုန်းရွာကိုပြန်လာချိန်မှာ ယင်းမာပင်ခရိုင် တပ်ရင်း(၂၆)ရဲ့ တပ်ရင်းမှူး ဦးကျော်ဟိန်း(ခ)မင်းသားကြီးက ဆိုင်ကယ်နဲ့ဖမ်းဆီးခေါ်ဆောင်ကာ တဲတစ်လုံးအတွင်း နှစ်ရက်တိုင်ချုပ်နှောင်ပြီး အဓမ္မပြုကျင့်ခဲ့တာဖြစ်တယ်လို့ ကာယကံရှင်မိသားစုနဲ့နီးစပ်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ကောင်မလေးကို ဆိုင်ကယ်ပေါ်ဆွဲတင်သွားပြီး ဆိုင်ကယ်ကိုမောင်းသွားတာအတင်း။ သူတို့စခန်းနားရောက်တော့ ဆိုင်ကယ်ရပ်,ရပ်ခြင်း ကောင်မလေးကဆင်းတော့ သူကလက်လိုက်ဆွဲပြီး လက်သီးနဲ့ဗိုက်ကိုထိုးချလိုက်တာ။ လဲကျသွားပြီးဘာမှကိုမသိတော့တာတဲ့။ သတိလစ်သွားတာ ဗိုက်ကိုတချက်ထဲတအားပစ်စောင့်ထိုးလိုက်တာ။ သတိရလာတဲ့အချိန်ကျတော့လက်ကို ကြိုးချည်ထားတာတဲ့ တဲတလုံးထဲမှာ။ နောက်ည ၈ရက်နေ့ညကျတော့ တခါပြန်ပြီးသားမယားအဖြစ် ပြုကျင့်တာတဲ့”လို့ ဖြစ်စဉ်နဲ့ပတ်သက်ပြီး Burma VJကို ပြောပြပါတယ်။
အဓမ္မပြုကျင့်ခံလိုက်ရသူမယုဟာ ကိုယ်ဝန်နှစ်လကျော်ရှိတဲ့အမျိုးသမီးတစ်ဦးဖြစ်ပြီး အမျိုးသားဖြစ်သူရဲ့ ရွာကပြန်လာချိန်မှာ အခုလိုဖြစ်ပွားခဲ့တာလို့သိရပါတယ်။
အဓမ္မပြုကျင့်ပြီးဖမ်းဆီးထားတာကြောင့် ဦးကျော်ဟိန်း(ခ)မင်းသားကြီးမရှိချိန် နယုန်လဆန်း ၉ရက်(ဇွန် ၄ရက်) မနက်ပိုင်း ၉နာရီကျော်မှာထွက်ပြေးပြီး မယုအိမ်ပြန်ရောက်ခဲ့ပါတယ်။ ဒါပေမယ့် ဗိုက်ကိုထိုးခံရတဲ့ဒဏ်ကြောင့် ခါးကိုက်၊ဗိုက်အောင့်၊သွေးဆင်းတာနဲ့အန်တာတွေကို တောက်လျောက်ခံစားခဲ့ရတယ်လို့ ဒေသခံပြောဆိုချက်အရ သိရပါတယ်။
ဆေးရုံသွားပြတဲ့အခါ ဆရာဝန်ကဆေးရုံတက်ပြီးစောင့်ကြည့်ဖို့ပြောပေမယ့် ငွေကြေးမတတ်နိုင်တာကြောင့် အိမ်ကိုပဲပြန်လာခဲ့ရာကနေ အခုလ ဇူလိုင် ၂၅ရက်မှာ ကိုယ်ဝန်ပျက်ကျခဲ့ပါတယ်။
ကိုယ်ဝန်ပျက်ကျတာကြောင့် အရေးပေါ် ဆေးရုံတင်ပြီး မယုရဲ့အသက်ကိုအချိန်မီကယ်တင်ခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“ဆေးရုံအချိန်မီရောက်လာလို့ အသက်ကိုကယ်လိုက်နိုင်တာ၊ နည်းနည်းနောက်ကျရင် ပြန်မရဘူးလို့ ဆရာဝန်ကပြောတယ်”
မယုဟာ အလိုမတူဘဲအဓမ္မပြုကျင့်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး တလနီးပါးအကြာ ဇူလိုင် ၇ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတဆီကိုလိပ်မူပြီး ယင်းမာပင်ခရိုင် တပ်ရင်း (၂၆)ရဲ့ တပ်ရင်းမှူး ဦးကျော်ဟိန်း(ခ)မင်းသားကြီးကို အရေးယူပေးဖို့တိုင်ကြားခဲ့ပါတယ်။
အဲဒီတိုင်ကြားစာ မိတ္တူကိုလည်း NUGဝန်ကြီးချုပ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရေးချုပ်၊ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်၊ တရားရေးဝန်ကြီး ဦးသိန်းဦးတို့ဆီလည်း ပေးပို့ခဲ့ပါတယ်။
ဒါ့အပြင် မြို့နယ်ပလဖနဲ့ ခရိုင် ပကဖကိုလည်း တိုင်ကြားထားတယ်လို့ သိရပါတယ်။
တိုင်ကြားချက်နဲ့ပတ်သက်ပြီး ဇူလိုင် ၂၃ရက်မှာ NUGရဲ့ ခရိုင်ကွပ်ကဲရေးအဖွဲ့က ကာယကံရှင်မိသားစုဆီကို လာရောက်စစ်ဆေးမေးမြန်းမှုတွေပြုလုပ်ခဲ့ပါတယ်။
“စစ်ဆေးချိန်မှာ သူတို့ပြောသွားတာတော့ မယုရဲ့ တိုင်ကြားချက်နဲ့အခုစစ်ဆေးချက်တွေ ကွဲလွဲနေတယ်လို့ ပြောသွားတယ်။ မယုက ရှက်ပြီးတော့တိုင်ကြားချက်ထဲမှာ အကုန်ထည့်မရေးထားလိုက်တာမျိုးရှိတယ်။ အဲ့ဒါသူတို့နှစ်ယောက်ကိုစစ်ပြီး သေချာရှင်းခိုင်းပါမယ်ဆိုပြီး နောက်တပါတ်လောက်နေရင်ပေါ့ အဲ့လိုပြောသွားတယ်”လို့ မိသားစုနဲ့နီးစပ်တဲ့ ဒေသခံကပြောပါတယ်။
ယင်းမာပင်ခရိုင် တပ်ရင်း (၂၆)ရဲ့ တပ်ရင်းမှူး ဦးကျော်ဟိန်း(ခ)မင်းသားကြီးကတော့ တိုင်ကြားချက်ကြောင့် စစ်ဆေးမေးမြန်းခံရခြင်းရှိမရှိကို မသိရပေမယ့် ဖမ်းဆီးခံရတာမျိုးတော့မရှိဘဲ ရွာထဲအရင်လိုပဲ သွားလာ၊ ကြက်ဝိုင်းသွားစတာတွေကို လုပ်နေဆဲပဲဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
အဓမ္မပြုကျင့်ခံရတဲ့ဖြစ်စဉ်ကိုသိရှိသွားတဲ့ မယုရဲ့အမျိုးသားဖြစ်သူကတော့ မယုကိုမပေါင်းသင်းနိုင်တော့ဘူးဆိုပြီး အိမ်ပေါ်ကနေဆင်းသွားတာကြောင့် အိမ်ထောင်လည်းကွဲ သွားရပါတယ်။
“အခု အိမ်ထောင်လည်းပျက်၊ ကလေးလည်း ပျက်၊ ရှက်လည်းရှက်ကြပါတယ်။ အခုကိစ္စတွေကိုလည်း မယုက ကိုယ်ဝန်ပျက်ပြီးအရေးပေါ် ဆေးရုံရောက်မှမိဘကိုဖွင့်ပြောတာ။ သမီးတခုခုဖြစ်သွားရင် အမှုမှန်ပေါ်အောင် တိုင်ကြားပေးပါ၊ ဖမ်းပေးပါဆိုပြီးပြောတာ”လို့ မိသားစုနဲ့နီးစပ်တဲ့ဒေသခံက ပြောပါတယ်။
မယုရဲ့အဖေဖြစ်သူဟာ ဒေသတွင်းမှာ PDFတပ်ရင်းတွေအတွက် ထောက်ပို့တစ်ဦးအဖြစ် ဆောင်ရွက်နေသူဖြစ်ပြီး ယင်းမာပင်ခရိုင် တပ်ရင်း(၂၆)အတွက်လည်း ထောက်ပို့လုပ်နေသူလို့ သိရပါတယ်။
အခုအဓမ္မပြုကျင့်လို့တိုင်ကြားခံရသူ ဦးကျော်ဟိန်း(ခ) မင်းသားကြီးဟာ မယုရဲ့အဖေနဲ့သက်တူရွယ်တူ တစ်ဦးဖြစ်တယ်လို့လည်း ဒေသခံတွေဆီကသိရပါတယ်။
အဓမ္မပြုကျင့်မှုတိုင်ကြားစာနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ-NUGကို Burma VJက ဆက်သွယ်မေးမြန်းရာမှာတော့ “တိုင်ကြားထားတာရှိလို့ ခရိုင်ကွပ်ကဲရေးက ပဏာမစစ်ဆေးနေပါတယ်။ တွေ့ရှိချက်များအပေါ်မူတည်ပြီး ဥပဒေအတိုင်းဆက်လက်ဆောင်ရွက်သွားပါ့မယ်”လို့ ပြောပါတယ်။







Comments