top of page

ယိုးချောင်းတံတားဗုံးကြဲခံရမှုကြောင့် အရပ်သား ၇ ဦးသေဆုံး

Writer: BVJ
BVJ
4 hours ago
1 min read

သူရ/BVJ_နိုဝင်ဘာ ၁၊ ၂၀၂၆

အာဏာသိမ်းစစ်အုပ်စုလေတပ်ကနေ အရပ်သားပြည်သူတွေအဓိကသွားလာနေကြတဲ့ ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်ကြားက ယိုးချောင်းတံတားကို ဒီနေ့ နိုဝင်ဘာ ၁ရက်နေ့ ညနေ ၅း၂၅မိနစ်ခန့်မှာ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၇ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ပါတယ်။


သေဆုံးဒဏ်ရာရသွားကြသူတွေဟာ တံတားအနီးမှာဖြတ်သန်းသွားလာနေကြတဲ့ အရပ်သားပြည်သူတွေဖြစ်တယ်လို့ ရခိုင်ပြည်နယ်အတွင်းမှာ ရှိနေတဲ့ စာရေးဆရာ ဝေဟင်အောင်ကအတည်ပြုပါတယ်။


စစ်အုပ်စုတပ်ဟာ ရခိုင်ပြည်နယ်အတွင်းက ပုဏ္ဏားကျွန်းနဲ့ကျောက်တော်မြို့နယ်ဘက်တွေကို ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာပါ။ ပုဏ္ဏားကျွန်းမြို့နယ် သရက်ချိုနဲ့ ယိုးငူကျေးရွာအကြားက ဗျာလ စစ်ဘေးရှောင်စခန်းကို အောက်တိုဘာ ၄ ရက်နဲ့ ၅ ရက်တို့မှာ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ လူ ၈ ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီနောက် အောက်တိုဘာ ၂၃ ရက်မှာလည်း ပုဏ္ဏားကျွန်းမြို့နယ် ပန်းနီလာကျေးရွာဗုံးကြဲခံရလို့တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။

မြေပြင်စစ်မျက်နှာမှာ နယ်မြေကိုပြန်လည်မစိုးမိုးနိုင်တော့တာကြောင့် စစ်ကောင်စီဟာ အာရက္ခတပ်တော် (AA) ရဲ့ အုပ်ချုပ်ရေးယန္တရားကို ဖြိုဖျက်ဖို့နဲ့ ပြည်သူလူထုကိုတုန်လှုပ်ခြောက်ခြားစေဖို့အတွက် အရပ်သားတွေရှိရာနေရာတွေကို ရည်ရွယ်ချက်ရှိရှိနဲ့လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်လာနေပါတယ်။


အာဏာသိမ်းစစ်အုပ်စုဟာ သူတို့လက်လွှတ်ဆုံးရှုံးထားရတဲ့ ရခိုင်ဒေသတွင်းကမြို့နယ်တွေကိုပြန်လည်သိမ်းပိုက်ဖို့အတွက် စက်တင်ဘာ ၄ ရက်ကစပြီး "စစ်ဆင်ရေး ၄၉၂၆" ကို အကောင်အထည်ဖော်တိုက်ခိုက်နေတာပါ။


အဓိကစစ်မျက်နှာတွေအနေနဲ့ စစ်အုပ်စုဟာ သူတို့ရဲ့လက်ကျန် ခြေကုပ်စခန်းတွေဖြစ်တဲ့ ပြည်နယ်မြို့တော် စစ်တွေနဲ့ကျောက်ဖြူမြို့တို့ကနေတဆင့် မြေပြင်စစ်ကြောင်းတွေ၊ ဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ စစ်ရေယာဉ်တွေကိုအသုံးပြုပြီး ထိုးစစ်ဆင်နေပေမယ့် အာရက္ခတပ်တော် (AA)ရဲ့ ခုခံမှုကြောင့် အဓိကမြေပြင်နယ်မြေတွေကို ထပ်မံမရရှိဘဲ စစ်မျက်နှာမှာအထိနာနေပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page