top of page

ရန်ကုန်မြို့ပတ်ရထားပေါ် ပစ်ခတ်မှုနဲ့ သေဒဏ်ကျခံနေရတဲ့လူငယ်ငါးဦးကို တသက်တကျွန်းပြစ်ဒဏ်ပြောင်းလဲ

  • Writer: BVJ
    BVJ
  • 2 hours ago
  • 1 min read

အီးကေ/BVJ_ဧပြီ ၁၇၊ ၂၀၂၆

ဒီနေ့ နှစ်ဆန်းတစ်ရက်နေ့မှာ နိုင်ငံတော်သမ္မတအမည်ခံ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အမိန့်နဲ့ အကျဥ်းသား/သူ (၄,၃၃၅)ဦးကိုလွတ်ငြိမ်းခွင့်ပြုခဲ့တာမှာ ရန်ကုန်မြို့ပတ်ရထားပေါ်က ရထားလုံခြုံရေးရဲတွေကိုပစ်ခတ်ခဲ့မှုနဲ့ သေဒဏ်ချခံထားရတဲ့လူငယ်ငါးဦးကို ထောင်တသက်ပြစ်ဒဏ်ပြောင်းလဲလိုက်တယ်လို့ သတင်းရရှိပါတယ်။


သေဒဏ်ချခံထားရတဲ့ ကိုကောင်းပြည့်စုံဦး၊ ကိုကျော်ဝင်းစိုး၊ ကိုဆန်းမင်းအောင်၊ ကိုဇေယျာဖြိုးနဲ့ မမြတ်ဖြိုးပွင့်တို့ကို မြို့ပတ်ရထားပေါ်မှာရဲတွေကို ပစ်ခတ်မှုနဲ့ အာဏာသိမ်းစစ်အုပ်စုက ၂၀၂၃ခုနှစ်၊မေလ၁၈ရက်နေ့က သေဒဏ်နဲ့ ထောင်ဒဏ်တစ်သက်ချမှတ်ခဲ့တာဖြစ်ပါတယ်။


ကိုကောင်းပြည့်စုံဦးကို အစိုးရပိုင်လက်နက်နဲ့ခဲယမ်းမီးကျောက်ကိုခိုးယူရန်ကြံစည်မှု ၁၉၄၉ ခုနှစ်လက်နက်(အရေးပေါ် ပြစ်ဒဏ်စီရင်မှု) အက်ဥပဒေပုဒ်မ ၂/၁(က)နဲ့အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၄တို့နဲ့သေဒဏ်နှစ်ကြိမ်အထိ အာဏာသိမ်းစစ်အုပ်စုကချမှတ်ထားတာဖြစ်ပါတယ်။


၂၀၂၁ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့က ရန်ကုန်ဘူတာကြီးကနေ အင်းစိန်မြို့ဘက်ကိုထွက်ခွာလာတဲ့မြို့ပတ်ရထားဟာ အလုံဘူတာအရောက်မှာ ရထားရဲတွေပစ်ခတ်ခံခဲ့ရပြီး ရဲတပ်ကြပ်တစ်ဦး၊ ဒုတပ်ကြပ်အဆင့်ရှိရဲတစ်ဦးနဲ့ရဲတပ်သားသုံးဦးသေဆုံးခဲ့ပါတယ်။


အဲ့ဒီတိုက်ခိုက်မှုကနေ AKအမျိုးအစား သေနတ်နှစ်လက်၊ G3သေနတ်တစ်လက်နဲ့BA-64 သေနတ်တစ်လက်အပါအဝင် ခဲယမ်းတချို့ ပြောက်ကျားတပ်ဖွဲ့လက်ထဲပါသွားတယ်လို့ စစ်အုပ်စုကသတင်းထုတ်ပြန်ခဲ့ပါသေးတယ်။ ဒီတိုက်ခိုက်မှုကို ကိုကောင်းပြည်စုံဦးအပါအဝင် ငါးဦးကကျူးလွန်ခဲ့တယ်လို့ စစ်အုပ်စုကစွပ်စွဲခဲ့ပြီး ၂၀၂၁ခုနှစ်၊စက်တင်ဘာလအတွင်းမှာ သူတို့ကိုဖမ်းဆီးခဲ့တာဖြစ်ပါတယ်။


ဒီနေ့လွတ်ငြိမ်းအမိန့်ထုတ်ပြန်ချက်ထဲမှာ သေဒဏ်ကျခံနေရတဲ့သူတွေကို ထောင်ဒဏ်တစ်သက်ပြစ်ဒဏ် ပြောင်းလဲတာ၊ ထောင်ဒဏ်တစ်သက်နဲ့ထောင်ဒဏ်နှစ်အကန့်အသတ်မရှိကျခံနေရတဲ့သူတွေကို ထောင်ဒဏ်နှစ်၄၀ ပြောင်းတာ၊ ထောင်ဒဏ်နှစ်၄၀နဲ့အောက်ကျခံနေရသူတွေကို ကျခံဖို့ကျန်ရှိနေတဲ့ ပြစ်ဒဏ်ခြောက်ပုံတစ်ပုံလျှော့ပေါ့ကျခံဖို့တို့ ပါဝင်ပါတယ်။


ဒီလိုပြစ်ဒဏ်တွေလျော့ပေါ့ပေးလိုက်ပေမယ့် ၄၀၁၊ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ရင် အဲ့ဒီပြစ်ဒဏ်အပြင် အခုကျခံရန်ကျန်ရှိနေတဲ့ ပြစ်ဒဏ်တွေကိုပါဆက်လက်ကျခံရမယ်လို့ လွတ်ငြိမ်းအမိန့်ထဲထည့်သွင်းထားပါတယ်။


ဒီနေ့လွတ်ငြိမ်းချမ်းသာအမိန့်နဲ့လွတ်တဲ့ထဲမှာ ရာဇဝတ်မှုနဲ့ကျနေတဲ့သူတွေ အများစုကိုပဲ စစ်အုပ်စုကလွှတ်ပေးမယ်လို့သိရပြီး နိုင်ငံရေးမှုနဲ့ပတ်သက်တဲ့သူတွေ လွတ်တဲ့ထဲသိပ်ပါမှာမဟုတ်ဘူးလို့ နောက်ဆုံးရရှိတဲ့သတင်းအရသိရပါတယ်။


ဒီနေ့လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်မှုနဲ့ပတ်သက်တဲ့နောက်ဆက်တွဲသတင်းတွေကို ဆက်လက်ဖော်ပြပေးဖို့ရှိပါတယ်။


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page