စစ်ကောင်စီစစ်ကြောင်း ရေနံချောင်းမြို့နယ်ထဲမှာ မိုင်းနဲ့တိုက်ခိုက်ခံရပြီး လူသေဆုံးမှုရှိ
- BVJ

- Aug 11
- 1 min read
ဇော်/BVJ_ဩဂုတ် ၁၀၊ ၂၀၂၅

မကွေးတိုင်း ရေနံချောင်းမြို့နယ်၊ ကုန်းအိုင်ကျေးရွာထဲဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ တော်လှန်ရေးပူးပေါင်းတပ်တွေထောင်ထားတဲ့မိုင်းထိပြီး (၃) ဦးသေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေနံချောင်းက ထုတ်ပြန်ပါတယ်။
အင်အား၁၀၀ခန့်ပါတဲ့ အထက်ပါစစ်ကောင်စီစစ်ကြောင်းဟာ ဩဂုတ်လ ၆ ရက်နေ့ မနက် ငါးနာရီခန့်မှာ ကုန်းအိုင်ကျေးရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတာဖြစ်ပြီး ကျေးရွာနားမရောက်ခင်မိုင်းထိသွားပြီ ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။
“ထိတွေ့တိုက်ပွဲဖြစ်ပွားတာတော့ မရှိပါဘူး။ သူတို့က စစ်ကြောင်းထိုးဝင်ရောက်လာတယ်။ ရေနံချောင်းနဲ့ မကွေးလမ်းမှာ ဂွေးကုန်းလမ်းဆုံ ဆိုတာရှိတယ်။ အဲ့ဒီဂွေးကုန်းလမ်းဆုံဂိတ်က စစ်ကောင်စီတပ်သားတွေနဲ့ ရေနံချောင်း ခလရ-၇၇ က စစ်ကောင်စီတပ်သား၊ ရဲနဲ့ ပျူတွေ ၊ မကွေးတပ်မဟာ-၈၈ က စစ်ကောင်စီတပ်သားတွေနဲ့ပေါင်းပြီး ဂွေးကုန်းရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာတာပါ။ ဒါပေမယ့် သူတို့တွေမိုင်းထိပြီးတော့ ည ၇ နာရီလောက်မှာ ပြန်ဆုတ်သွားတာပါဗျ”လို့ ရေနံချောင်း PDF တာဝန်ခံ စံသျှားက Burma VJ ကိုပြောပါတယ်။
စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးပြီးတဲ့နောက်မှာ ကုန်းအိုင်ကျေးရွာကိုဝင်ပြီး ပြည်သူပိုင်ပစ္စည်းတွေကို မွှေနှောက်ယူသွားခဲ့ပေမယ့် တော်လှန်ရေးအင်အားစုတွေက ဒေသခံတွေကိုဘေးလွတ်ရာအချိန်မှီရှောင်ထားနိုင်ခဲ့တာဖြစ်လို့ ကျေးရွာလူကြီးအပါအဝင် ဒေသခံပြည်သူတွေ ဖမ်းဆီးခံရတာမျိုးမရှိခဲ့ဘူးလို့လည်း ရဲဘော်စံသျှားက ဆက်ပြောပါတယ်။
အခုဝင်ရောက်ခဲ့တဲ့ ကုန်းအိုင်ကျေးရွာနဲ့ ခြေလျင်ခရီးတစ်နာရီခန့်သာကြာမြင့်တဲ့ ဂွေးကုန်းကျေးရွာမှာ စစ်ကောင်စီတပ် အထိုင်ချထားတာ ခြောက်လကျော်ပြီဖြစ်တယ်လို့လည်း သိရပါတယ်။
အခုလို မိုင်းထောင်တိုက်ခိုက်ခဲ့တာကို People's Defence Force - Yenangyaung (YNG-PDF) ၊ Yenanthar Column၊ Tamar Myay Special Column နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (အင်တောတိုက်နယ်)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။







Comments