တော်လှန်ရေးတပ်ဖွဲ့ဝင်အချင်းချင်းပစ်ခတ်မှုဖြစ်ပြီး သေဆုံးခဲ့ရတဲ့ ဗိုလ်ကြီးနဲ့တပ်ကြပ်တို့အတွက် အမှန်တရားဘက်ကရပ်တည်ပေးဖို့ YDFမြေပြင်စစ်ဒေသရုံးတောင်းဆို
- BVJ

- 3 hours ago
- 1 min read
မိုနာ/BVJ_မတ် ၂၄၊ ၂၀၂၆

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ညောင်လယ်ကျေးရွာနားမှာ အခု မတ်လ ၂၂ ရက်နေ့ မွန်းလွဲပိုင်းမှာ ယောကာကွယ်ရေးတပ်-YDFတပ်ဖွဲ့ဝင်အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး YDF တပ်ဖွဲ့ကနေ ခွဲထွက်အဖွဲ့ဖြစ်တဲ့ YDFမြေပြင်စစ်ဒေသရုံးဦးဆောင်ကော်မတီက ဗိုလ်ကြီး ကောင်းကောင်းနဲ့တပ်ကြပ် စိုင်းဇော်ဝင်းတို့ကျဆုံးခဲ့ပါတယ်။
YDFမြေပြင်စစ်ဒေသရုံးရဲ့ ဦးဆောင်သူ ဗိုလ်ကြီးကောင်းကောင်းဟာ သားရှင်ပြုအလှူပြုလုပ်ဖို့အတွက် ရေမျက်နီကျေးရွာကိုသွားရောက်ချိန်မှာ ကိုမြတ်သူဦးဆောင်တဲ့ YDFအဖွဲ့က ထောက်လှမ်းရေးလူနှစ်ဦးဟာ အလှူအိမ်ကိုရောက်လာခဲ့တာကြောင့် အလှူကိုလာကူညီကြသူတွေ အထိတ်တလန့်မဖြစ်စေရေးအတွက် ဘေးကိုခဏခေါ်ပြီး ဗိုလ်ကြီးကောင်းကောင်းနဲ့ စကားပြောဆွေးနွေးခဲ့ကြောင်းနဲ့ အဲ့ဒီအချိန်မှာ ကိုမြတ်သူဦးဆောင်တဲ့YDFအဖွဲ့က (၂၅)ဦးလောက်ဟာ ရုတ်တရက် အတင်းဝင်ရောက်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတာလို့ YDFမြေပြင်စစ်ဒေသရုံးက မနေ့က မတ်လ ၂၃ရက် ညပိုင်းမှာထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အဲ့ဒီပစ်ခတ်မှုအတွင်းမှာ CDMကျောင်းဆရာတစ်ဦးဖြစ်တဲ့ တပ်ကြပ်ကြီး မျိုးအောင်နဲ့ ရဲဘော်မိုင်းပီးတို့လည်း အသက်အန္တရာယ်စိုးရိမ်ရတဲ့ဒဏ်ရာတွေရခဲ့ပြီး ဆေးကုသမှုခံယူနေရတယ်လို့ ဖော်ပြပါတယ်။
ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ကိုမြတ်သူဦးဆောင်တဲ့ YDFအဖွဲ့က မနေ့က မနက်ပိုင်းထုတ်ပြန်ချက်မှာတော့ ရာဇဝတ်သားကောင်းကောင်းဦးဆောင်တဲ့ အင်အား(၈)ဦးခန့်ဟာ ရေမျက်နီကျေးရွာနဲ့ ညောင်လယ်ကျေးရွာအကြားတနေရာမှာ တာဝန်နဲ့သွားလာနေတဲ့ YDFရဲဘော်နှစ်ဦးကိုပြန်ပေးဆွဲပြီး စတားလင့်ဆိုင်ကိုကားနဲ့ခေါ်သွားခဲ့တာကြောင့် ညနေလေးနာရီခန့်မှာကယ်ဆယ်ရေးအတွက် ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဖော်ပြပါတယ်။
အဲ့ဒီပစ်ခတ်မှုအတွင်း ကိုမြတ်သူဦးဆောင်တဲ့ YDFအဖွဲ့က ရဲဘော်တစ်ဦးလွတ်မြောက်လာပြီး နောက်တစ်ဦးကတော့ လွတ်မြောက်လာခြင်းမရှိသေးလို့လည်း ထုတ်ပြန်ထားပါတယ်။
ကိုကောင်းကောင်းတို့အဖွဲ့ဟာ ၂၀၂၅၊မေလ ၈ရက်နေ့ထဲက YDFကနေထွက်ပြေးပြီး ခွဲထွက်သွားတာကြောင့် ရာဇဝတ်သားအဖြစ် ကိုမြတ်သူဦးဆောင်တဲ့ YDFအဖွဲ့ကကြေညာထားတာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ဗိုလ်ကြီးကောင်းကောင်းပစ်ခတ်ခံရမှုဖြစ်စဉ်မှာပါဝင်သူတစ်ဦးက” ဒီဖြစ်စဉ်မှာ ကျနော်ကိုယ်တိုင်ပါဝင်ခဲ့လို့ pageမှာတင်ထားသလိုပဲ အလှူပွဲကိုထောက်လှမ်းဖို့လာတဲ့နှစ်ယောက်ကို တွေ့လို့ စကားပြောဖို့လိုက်သွားတာပါ။အဲ့ဒီမြတ်သူဘက်က ထောက်လှမ်းရေးနှစ်ယောက်နဲ့တွေ့တော့ ဗိုလ်ကြီးကောင်းကောင်းကမေးပါတယ်။ ဘာလုပ်လာကြတာလဲတဲ့ အဲ့မှာ မြတ်သူဘက်က ထောက်လှမ်းရေး ဟိန်းထက်မင်းက မြတ်သူလွှတ်လို့လာရတာပါ။ ဘယ်သူတွေရှိလဲ၊ ဘာအခြေနေတွေရှိလဲ သွားကြည့်ခိုင်းတာလို့ ပြောပါတယ်။ဗိုလ်ကြီးကောင်းကာင်းက ငါ့မှာ ငါ့သားအလှူရှိသေးတယ်ကွာ ပြဿနာတွေမဖြစ်ချင်ဘူး။ အေးအေးဆေးဆေးနဲ့ တော်လှန်ရေးပဲလုပ်ကြအောင်ဆိုတာမျိုးပြောတယ်ဗျ။ နောက်ပြီး နေပူလို့ starlinkဆိုင်ကိုသွားပြီး စကားပြောနေခဲ့ကြတာပါ။ အချိုရည်တောင်ဝယ်တိုက်ခဲ့ပါသေးတယ် ဗိုလ်ကြီးကောင်းကောင်းက မြတ်သူဘက်က ထောက်လှမ်းရေး ဟိန်းထက်မင်းနဲ့လှိုင်းထက်အောင်ကိုပါ။ အဲ့ဒီအချိန်မှာ မြတ်သူဘက်က လူအင်အား ၂၅ယောက်ဝန်းကျင်က ကားနဲ့ရောက်လာပြီးဝင်ပစ်ခဲ့တာဗျ”လို့ Burma VJကိုပြောပါတယ်။
ဒါ့အပြင် ဗိုလ်ကြီး ကောင်းကောင်းနဲ့တပ်ကြပ် စိုင်းဇော်ဝင်းတို့စျာပနကို မနေ့က မတ်လ ၂၃ရက် ညနေခြောက်နာရီခန့်မှာပြုလုပ်ခဲ့ပြီး နာရေးမလုပ်ခင်အထိ နာရေးလုပ်မယ့်ကျေးရွာဘက်ကို ကိုမြတ်သူဦးဆောင်တဲ့ YDFတပ်ဖွဲ့ကစစ်ကြောင်းထိုးခဲ့သလို ဒရုန်းတွေနဲ့လည်းကင်းထောက်ခဲ့တာကြောင့် နာရေးကိုအကျဉ်းရုံးပဲပြုလုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ဒေသတွင်းအခြေအနေကလည်း ရှုပ်ထွေးနေဆဲပဲလို့လည်းပြောပါတယ်။
အရင်က ကိုမြတ်သူဦးဆောင်တဲ့ YDFတပ်ဖွဲ့က ရဲဘော်(၈)ဦးနဲ့လက်နက်တွေကို ကိုကောင်းကောင်းဦးဆောင်တဲ့ YDFမြေပြင်စစ်ဒေသရုံးက ဖမ်းဆီးထားခဲ့တာကြောင့် မကွေးတိုင်းစစ်ဌာန တိုင်းမှူး (MOD)၊ နွေဦးတော်လှန်ရေး တပ်ပေါင်းစု SRAကိုယ်စားပြုသူတွေဖြစ်တဲ့ ကိုဆောင်းခ (BPLA)၊ကိုမင်းကျော် (YA)တို့နဲ့ ဂန့်ဂေါခရိုင် စစ်ဒေသရုံးကိုယ်စားပြု သခင်ဇော် (YRA)တို့ (၄) ဦးကသဘာပတိတွေအဖြစ် ဆောင်ရွက်ပြီးညှိနှိုင်းပေးခဲ့ကြတာကြောင့် အခု မတ်လ ၁၀ရက်နေ့မှာပဲ အဲ့ဒီ(၈)ဦးကိုပြန်လွှဲပြောင်းပေးခဲ့ပါတယ်။

အဲ့ဒီပထမအကြိမ်အစည်းအဝေးမှာ နှစ်ဦးနှစ်ဖက်လုံးက မည်သည့်အခြေနေတွင်မဆို လက်နက်နဲ့မဖြေရှင်းကြဖို့၊ လက်နက်နဲ့စတင်ဖြေရှင်းသူ (ကျည်စထွက်သူ) ရှုံးမှာဖြစ်ကြောင်းတို့ကို သဘာပတိတွေကပြောကြားဆုံးဖြတ်ခဲ့ကြတယ်လို့လည်း သိရပါတယ်။
ကျန်နေတဲ့လက်နက်တွေကိစ္စနဲ့ပတ်သက်ပြီး မတ်လ ၁၇ရက်မှာအစည်းအဝေးထပ်လုပ်ခဲ့ကြပေမယ့် မပြီးပြတ်ခဲ့ဘဲ ၂၂ရက်မှာထပ်လုပ်ဖို့သဘောတူခဲ့ပြီး ၂၂ရက်မှာတော့ သဘာပတိတွေမအားတာကြောင့် အစည်းအဝေးကို ၂၃ရက်ရွှေ့ပြောင်းခဲ့ကြကြောင်းနဲ့ အဲ့ဒီနောက်အခုလိုပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ကြောင်း သိရပါတယ်။
ဒါကြောင့် ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ယောဒေသအခြေပြု တော်လှန်ရေး တပ်ဖွဲ့တွေ၊ မြန်မာ့နွေဦး တော်လှန်ရေး တပ်ဖွဲ့တွေ၊ ပြည်တွင်း၊ပြည်ပရှိထောက်ပို့အဖွဲ့တွေအနေနဲ့ အမှန်တရားဘက်ကဝိုင်းဝန်းရပ်တည်ပေးကြဖို့ကို YDFမြေပြင်စစ်ဒေသရုံးဦးဆောင်ကော်မတီက တောင်းဆိုထားပါတယ်။
“ကြားခံအနေနဲ့ MOD၊ BPLA၊ SRA၊ YAတို့လိုမျိုးအဖွဲ့စည်းတွေနဲ့ နှစ်ဖက်တွေ့ဆုံဖြေရှင်းပြီး ပစ်ခတ်ဖမ်းဆီးတာတွေမလုပ်ဖို့ပြောတဲ့ကြားက လုပ်တာဆိုတော့ တရားနည်းလမ်းမကျတဲ့သူကို သက်ဆိုင်ထိုက်တန်တဲ့ အရေးယူဆောင်ရွက်မှု တရားဥပဒေနည်းလမ်းတွေအရ အရေးယူဆောင်ရွက်ပေးကြဖို့ပဲ မျှော်လင့်ပါတယ်”လို့ YDFမြေပြင်စစ်ဒေသရုံးဦးဆောင်ကော်မတီက တာဝန်ရှိသူကပြောပါတယ်။
ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဒေသတွင်းစစ်ဘေးရှောင်တွေကိုကူညီနေတဲ့ ယောမြေ စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေး ကွန်ယက်ကလည်း မနေ့က မတ်လ ၂၃ရက်မှာ သဘောထားကြေငြာချက်ထုတ်ပြန်ထားပါတယ်။
အဲ့ဒီထဲမှာ တပ်တွင်းပြဿနာကို စားပွဲဝိုင်းမှာမျက်နှာချင်းဆိုင်မဖြေရှင်းဘဲ လက်နက်နဲ့ ဖြေရှင်းခြင်းအပေါ် ယောမြေ စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေး ကွန်ယက်အနေနဲ့ အပြင်းအထန်ဆန့်ကျင်ရှုံ့ချပြီး ကျဆုံးသွားတဲ့ ဗိုလ်ကြီးကောင်းကောင်းနဲ့ ရဲဘော်အတွက် ဝမ်းနည်းရကြောင်းနဲ့ ယောဒေသအတွင်း တော်လှန်ရေးဆောင်ရွက်နေကြတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ပြဿနာကြီးငယ်ရှိခဲ့ပါက လက်နက်နဲ့ဖြေရှင်းခြင်းလုံးဝ မပြုလုပ်ကြဖို့၊မျက်နှာချင်းဆိုင် ညှိနှိုင်းဖြေရှင်းကြဖို့ဆိုပြီးတိုက်တွန်းထားပါတယ်။

ကိုမြတ်သူဦးဆောင်တဲ့ YDFအဖွဲ့ရဲ့မနေ့ကထုတ်ပြန်ချက်မှာတော့ ရာဇဝတ်သားတွေအပါအဝင် ရာဇဝတ်သားတွေနဲ့မလွှဲမရှောင်သာပါဝင်ခဲ့ရတဲ့ ငယ်သားတွေအနေနဲ့ နီးစပ်ရာ YDFရဲ့အခြေစိုက်စခန်းတွေမှာ သတင်းပို့ပြီးတပ်ပိုင်လက်နက်ခဲယမ်းပစ္စည်းတွေ ပြန်လည်အပ်နှံဖို့နဲ့ ဆက်လက်ခုခံရှောင်တိမ်းနေမယ်ဆိုရင် အရေးယူနိုင်ဖို့ဆောင်ရွက်ရာမှာ မလိုလားအပ်တဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်တယ်လို့ အသိပေးထားပါတယ်။




Comments