ချင်းတပ်ဖွဲ့ကြားတိုက်ပွဲမှာ လုံးဝပါဝင်ခြင်းမရှိဟု ချင်းညီနောင်မဟာမိတ်တပ်ဖွဲ့တွေ ကြေညာ
- BVJ

- Jul 15
- 1 min read
BVJ/ယူဂရင်း_ ဇူလိုင် ၁၄၊ ၂၀၂၅

လက်ရှိဖြစ်ပေါ်နေတဲ့ ချင်းတော်လှန်ရေးလက်နက်ကိုင်တပ်အချင်းချင်းအကြား တိုက်ပွဲတွေအတွင်းမှာ လုံးဝပါဝင်တာမရှိဘူးလို့ ချင်းညီနောင်(CB)ရဲ့မဟာမိတ်တပ်တွေဖြစ်တဲ့ ယောတပ်တော်နဲ့ အညာညီနောင်တပ်(BNRA- GZA)တွေက ထုတ်ပြန်ကြေညာပါတယ်။
ချင်းမြောက်ပိုင်း၊ ဖလမ်းမြို့နယ်အတွင်းက ချင်းလဲန်းကောင်စီ(CC)အဖွဲ့ဝင် CNF/CNA ၊ HPO/CDF- Hualngoram နဲ့ ချင်းညီနောင်အဖွဲ့ဝင်(CB)ဖြစ်တဲ့ CNO/ CNDF တို့ရဲ့ စစ်ရေးပဋိပက္ခအတွင်းမှာ အဖွဲ့အစည်းတချို့နဲ့အတူ ယောတပ်တော်က ပါဝင်တိုက်ခိုက်နေတယ်လို့ သတင်းစာရှင်းလင်းပွဲတခုမှာ CNF/ CNA တာဝန်ရှိသူကပြောဆိုခဲ့တာကြောင့် မနေ့က ဇူလိုင် ၁၃ရက်မှာ အခုလိုရှင်းလင်းထုတ်ပြန်လာကြတာဖြစ်ပါတယ်။
ယောတပ်တော်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ချင်းပြည်တွင်းရေးကိစ္စမှာပါဝင်ပတ်သက်မှုမရှိကြောင်းကိုလည်း မကွေးဖက်ဒရယ်ယူနစ် ကြားကာလအစီအမံရေးဆွဲရေးကော်မရှင် အတွင်းရေးမှူးကနေတဆင့် ဆက်သွယ်ကန့်ကွက်ခဲ့တာကြောင့် CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကလည်း မမှန်ကန်ကြောင်းဆက်သွယ်လာတဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ အဆိုပါကိစ္စဟာ မြေပြင်သတင်းအချက်အလက် အားနည်းမှုဖြစ်နိုင်ကြောင်း ပြန်လည်အကြောင်းပြန်ခဲ့တယ်လို့ ဖော်ပြပါတယ်။
ချင်းညီနောင်နဲ့မဟာမိတ်အဖြစ် ဘုံရန်သူ စစ်သုံးစစ် ဖြုတ်ချရေးမှာ လက်တွဲပူးပေါင်းဆောင်ရွက်နေပေမယ့် ချင်းအမျိုးသားတည်ဆောက်ရေး၊ ချင်းပြည်ကံကြမ္မာနဲ့ သက်ဆိုင်တဲ့ကိစ္စရပ်တွေမှာဝင်ရောက်စွက်ဖက်နေတာမရှိဘူးလို့လည်း ယောတပ်တော်က ချင်းပြည်သူလူထုကို အသိပေးထားပါသေးတယ်။

အလားတူပဲ အညာညီနောင်တပ်ဖွဲ့ဝင်တွေဖြစ်တဲ့ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော်(BNRA)နဲ့ Generation Z Armyတပ်တွေကလည်း ချင်းတပ်ဖွဲ့တွေတိုက်ပွဲကြား လုံးဝ လုံးဝမပါဝင်ကြောင်းနဲ့ အခုနှစ် ဇွန်လမှာ CNO/CDFကစီစဉ်ခဲ့တဲ့ စနိုက်ပါသင်တန်းကိုစေလွှတ်ခဲ့တဲ့ ရဲဘော်တွေကိုလည်း အခုလတ်တလောပဋိပက္ခတွေကြောင့် တပ်တော်ကိုပြန်ခေါ်ပြီးဖြစ်တယ်လို့ ကြေညာပါတယ်။

အညာညီနောင် (BNRA- GZA)နဲ့ယောတပ်တော် (Yaw Army)တို့ဟာ ချင်းညီနောင် ရဲ့ ဖလမ်း၊ မင်းတပ်၊ မတူပီစတဲ့ မြို့သိမ်းစစ်ဆင်ရေးတွေမှာ ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ မဟာမိတ်တပ်ဖွဲ့တွေဖြစ်ပါတယ်။
ပုံစာ-ချင်းညီနောင်တိုက်ပွဲတွေအတွင်း ပူးပေါင်းပါဝင်ခဲ့တဲ့ BNRA၊ GZA၊ Yaw Army







Comments