တော်လှန်ရေးတပ်ဖွဲ့တွေပစ်ချနိုင်ခဲ့တဲ့ ၁၁ စီးမြောက် စစ်ကောင်စီလေယာဉ်
- BVJ

- Jun 10
- 1 min read
■ အိုင်းရစ်

ဒီနေ့ အညာဒေသ တော်လှန်ရေးတပ်ဖွဲ့တွေ ပစ်ချခဲ့တဲ့လေယာဉ် ၁ စီးအပါအဝင် နိုင်ငံတစ်ဝန်း တော်လှန်ရေးတပ်ဖွဲ့တွေ ပစ်ချနိုင်ခဲ့တာ ၁၁ စီးမြောက်ရှိလာပါပြီ။ မိတ္ထီလာ ရှမ်းတဲလေတပ်စခန်းမှာ ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ်တစ်စီးကိုပါ ထည့်တွက်ပါက စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီ ဆုံးရှုံးခဲ့တဲ့လေယာဉ် ၁၂ စီးအထိ ရှိလာပြီလည်း ဖြစ်ပါတယ်။
တော်လှန်ရေး ၄ နှစ်ကျော်ကာလအတွင်း အညာဒေသမှာ စစ်ကောင်စီလေယာဉ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ ပစ်ချနိုင်ခဲ့တာဟာ ဒါဟာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။
အခုလ ဇွန် ၂ ရက်နေ့စကပြီး ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ကန့်ဒေါင့်ရွာနဲ့ ဇီးဖြူကုန်းရွာတိုက်ပွဲတွေအတွင်း လေကြောင်းပစ်ကူလာတဲ့ စစ်ကောင်စီလေယာဉ်ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) လက်အောက်ခံတပ်ဖွဲ့တွေက ပစ်ချနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ပစ်ချနိုင်ခဲ့တဲ့လေယာဉ်အမျိုးအစားကိုတော့ မသိရသေးပါဘူး။ စစ်ကောင်စီလေယာဉ် လေကြောင်းပစ်ကူ ဗုံးလာကြဲချိန်ဟာ ကန့်ဒေါင့်ရွာနယ်မြေရဲစခန်းသိမ်းတိုက်ပွဲ ပြင်းထန်နေသလို ဇီးဖြူကုန်း (ပျူရွာ) မှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေက ကာကင်းစခန်းကို ထိုးစစ်ဆင်သိမ်းယူနေချိန်လည်း ဖြစ်ပါတယ်။
“Y-12 နဲ့ အရင်ကြဲတယ်။ ပြီးတော့ ဂျက်ဖိုက်တာ ၂ စီးလာတယ်။ ပထမတစ်စီးက ဇီးဖြူကုန်းနဲ့ ကန့်ဒေါင့်ကို ကြဲတယ်။ အခု ပစ်ချခံရတဲ့လေယာဉ်က ဇီးဖြူးကုန်းပေါ် တစ်လုံးကြဲတယ်၊ ကြဲပြီးတော့ ခပ်နိမ့်နိမ့်ကို မင်းတိုင်ပင်ပေါ်ကနေ တအားကြီးဝိုက်ပြီးတော့ ပျံတဲ့အချိန်မှာ PLA ဘက်ကလည်း ပစ်တယ်။ ကျွန်တော်တို့ MOD တပ်ဖွဲ့တွေကလည်း မင်းတိုင်ပင်အရှေ့ဘက်ကနေ စောင့်ပြီးပစ်တယ်။ နှစ်ဖွဲ့စလုံးက ပစ်တာ”လို့ တိုက်ပွဲအတွင်း စစ်ကောင်စီလေယာဉ်ကို ပစ်ချခဲ့မှုနဲ့ပတ်သက်ပြီး ပုလဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တစ်ဦးက Burma VJ ကို ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဟတ်ယာဉ် ၇ စင်းနဲ့ လေယာဉ် ၄ စင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ချနိုင်ခဲ့တာကြောင့် စစ်ကောင်စီရဲ့ စစ်ဘက်ဆိုင်ရာရဟတ်ယာဉ်၊ လေယာဉ် ၁၁ စင်းအထိ ဆုံးရှုံးထားခဲ့ရသလို မိတ္ထီလာ ရှမ်းတဲမှာ ပျက်ကျခဲ့တဲ့ ရဟတ်ယာဉ်ကိုပါ ထည့်တွက်ပါက ၁၂ စင်းအထိ ရှိခဲ့ပြီလည်း ဖြစ်ပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ ပစ်ချခဲ့တဲ့အခြေအနေကိုကြည့်ပါက ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က အများဆုံးပစ်ချနိုင်ခဲ့တာဖြစ်ပြီး KIA တပ်ဖွဲ့ရဲ့ ပစ်ချမှုကြောင့် စစ်ကောင်စီ ရဟတ်ယာဉ် ၄ စင်းနဲ့ တိုက်ခိုက်ရေးလေယာဉ် ၁ စင်း ပျက်ကျခဲ့ပါတယ်။
တခြားတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ ကရင်နီတပ်ပေါင်းစု၊ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) တို့က စစ်ကောင်စီတိုက်လေယာဉ် ၁ စင်းနဲ့ ရဟတ်ယာဉ် ၂ စင်းတို့ကို ပစ်ချနိုင်ခဲ့သလို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ကော်ဘရာစစ်ကြောင်းကလည်း စစ်ကောင်စီ ရဟတ်ယာဉ် ၁ စင်းကို ပစ်ချနိုင်ခဲ့ပါတယ်။
NUG MOD လက်အောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ပေါင်းစုကလည်း ၂၀၂၃ ဖေဖော်ဝါရီအတွင်း အမျိုးအစားခွဲခြားမသိရတဲ့ ရဟတ်ယာဉ် ၁ စင်းကို ပစ်ချနိုင်ခဲ့မှုအတူ ဒီနေ့အထိ Mi-17 ရဟတ်ယာဉ် ၄ စီး၊ Eurocopter AS 365 Dauphin ၁ စီး၊ Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ် ၁ စီး၊ FTC 2000 G လေယာဉ် ၁ စီး၊ K-8W တိုက်လေယာဉ် ၂ စင်းနဲ့ ဒီနေ့ အညာတော်လှန်ရေးတပ်ဖွဲ့တွေ ပစ်ချခဲ့တဲ့ လေယာဉ် ၁ စင်းအပါအဝင် စုစုပေါင်း ၁၁ စင်းအထိ ပစ်ချနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
မြေပြင်မှာ စစ်ရေးရှုံးနိမ့်မှုတွေရှိနေတဲ့ စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်နေချိန် တော်လှန်ရေးတပ်ဖွဲ့တွေက ပွိုင့်ဖိုက်လက်နက်ကြီးတွေကိုအသုံးပြုပြီး စစ်ကောင်စီ ရဟတ်ယာဉ်၊ လေယာဉ်တွေကို ပစ်ချနိုင်ဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် နိုင်ငံတစ်ဝန်း အရပ်သားပြည်သူ ၂၃၃၉ ဦးအထိ သေဆုံးခဲ့သလို တော်လှန်ရေးတပ်ဖွဲ့ဝင် ၃၈၉ ဦး သေဆုံးခဲ့တယ်လို့ Myanmar Peace Monitor က ပြုစုထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။








Comments