စစ်ကောင်စီတပ်ကြပ်ကြီးတစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ တောင်သာပကဖအမျိုးသမီးရဲဘော်အဖွဲ့က ဖမ်းဆီးနိုင်ခဲ့
- BVJ

- Jun 23, 2025
- 1 min read
BVJ/ထက်အောင် _ ဇွန် ၂၃ ၊ ၂၀၂၅

မန္တလေးတိုင်း မလှိုင်မြို့ပေါ် စားသောက်ဆိုင်ကနေထွက်လာတဲ့ စစ်ကောင်စီတပ်ကြပ်ကြီးတစ်ဦးကို တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အမျိုးသမီးရဲဘော်တွေက လက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့ တောင်သာကပကဖ တာဝန်ရှိသူတစ်ဦးထံက သိရပါတယ်။
မနေ့ ဇွန် ၂၃ ရက် မနက် ၉ နာရီဝန်းကျင်က စစ်ကောင်စီတပ်ကြပ်ကြီးတစ်ဦး မလှိုင်မြို့ပေါ် စားသောက်ဆိုင်တစ်ခုမှာ မူးယစ်သောက်စားနေတယ်ဆိုတဲ့သတင်းရရှိခဲ့တာကြောင့် တောင်သာပကဖ အမျိုးသမီးရဲဘော်တွေ ဦးဆောင်တဲ့အဖွဲ့က ပြောက်ကျားပုံစံစောင့်ဆိုင်းနေပြီး ကွမ်းယာဝယ်ထွက်လာချိန် လက်ရဖမ်းဆီးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
တောင်သပကဖ အမျိုးသမီးရဲဘော်တွေ ဦးဆောင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးနိုင်ခဲ့မှုနဲ့ပတ်သက်ပြီး တောင်ပကဖ တာဝန်ရှိသူတစ်ဦးကလည်း “တော်လှန်ရေးမှာတော့ အမျိုးသမီးရဲမေပဲဖြစ်ဖြစ်၊ အမျိုးသားရဲဘော်ပဲဖြစ်ဖြစ်ပေါ့၊ ပုံစံမျိုးစုံနဲ့ လှုပ်ရှားရမှာပေါ့။ အလျဉ်းသင့်သလိုပေါ့။ သူ့နေရာသူ အဆင်ပြေရာသုံးပြီး အလုပ်လုပ်ကြတာပေါ့” လို့ Burma VJ ကို ပြောပါတယ်။
တောင်သာ ပကဖအမျိုးသမီးရဲဘော်အဖွဲ့က ဖမ်းဆီးနိုင်ခဲ့တဲ့ စစ်ကောင်စီတပ်ကြပ်ကြီး အောင်ဝင်းကိုဆိုသူဟာ စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ မိတ္ထီလာ အမှတ် ၁ တပ်မတော်အကြီးစားစက်ရုံမှာ တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်ပါတယ်။ သူ့ကို လက်ရဖမ်းဆီးရမိချိန် MA1 အမျိုးအစား လက်နက် (၁) လက် ၊ ၅.၅၆ကျည် (၂၅၀) တောင့်တို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီတပ်ကြပ်ကြီးကို နိုင်ငံတကာစစ်သုံ့ပန်းဥပဒေနဲ့အညီ အရေးယူထိန်းသိမ်းထားပြီး စစ်ရေးဆိုင်ရာ လိုအပ်တဲ့မေးမြန်းမှုတွေ ဆက်လက်ဆောင်ရွက်နေတယ်လို့လည်း တောင်သာပကဖ တာဝန်ရှိသူက ပြောပါတယ်။
အခုလ ဇွန် ၁၇ ရက်ကလည်း တောင်သာပကဖအဖွဲ့က လမ်းပိုင်းဆိုင်ရာစစ်ဆေးမှုတွေ လုပ်ဆောင်နေချိန် စစ်ကောင်စီတပ်ကြပ်ကြီး အောင်ဖြိုးဆိုသူကို ဖမ်းဆီးရမိခဲ့ပြီး သူဟာ ပဲခူးတိုင်း သာဂရမြို့နယ် တပ်မတော်အကြီးစားစက်ရုံမှာ တာဝန်ထမ်းဆောင်နေတဲ့သူဖြစ်တယ်လို့လည်း သိရပါတယ်။




Comments