အရပ်သား ၂၄ယောက်အထိသေဆုံးခဲ့ရတဲ့ ဘုံတိုလေကြောင်းတိုက်ခိုက်မှု တစ်နှစ်ပြည့်လှုပ်ရှားမှုပြုလုပ်မယ်

ယူဂရင်း/BVJ_အောက်တိုဘာ ၂၆၊ ၂၀၂၆

ပြီးခဲ့တဲ့နှစ် ၂၀၂၅၊အောက်တိုဘာ ၆ရက်မှာ စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ် ဘုံတိုရွာက ဆီမီးသပိတ်ကိုစစ်အုပ်စုက လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတွေနဲ့ကလေးသူငယ်တွေအပါအဝင် အရပ်သားပြည်သူ (၂၄) ဦးထက်မနည်းသေဆုံးပြီး ၆၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
အဲ့ဒီတိုက်ခိုက်မှုဟာ တစ်နှစ်ပြည့်မြောက်ပြီဖြစ်တာကြောင့် သပိတ်အတွင်းမှာကျဆုံးသွားတဲ့ရဲဘော်တွေနဲ့ ပြည်သူတွေရဲ့ စွန့်လွှတ်ပေးဆပ်ခဲ့ရမှုအပေါ် အလေးအမြတ်ပြုနိုင်ဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုကနေဦးဆောင်ပြီး သီတင်းကျွတ်လပြည့်နေ့ လူထုလှုပ်ရှားမှုတရပ်ပြုလုပ်သွားမယ်လို့ သိရပါတယ်။
ဘုံတိုဆီမီးသပိတ်တစ်နှစ်ပြည့်လှုပ်ရှားမှုကို ဒီနေ့ သီတင်းကျွတ်လပြည့်နေ့မှာ ဖယောင်းတိုင်ကိုင်ဆောင်ပြီး သပိတ်ထွက်ခြင်း (သို့မဟုတ်) ဓာတ်ပုံရိုက်ခြင်း၊ အွန်လိုင်းကတဆင့် အခမ်းအနားပြုလုပ်ခြင်း၊ လူထုလှုပ်ရှားမှုတွေပြုလုပ်ခြင်း စတဲ့နည်းလမ်းတွေနဲ့ပြုလုပ်သွားမှာဖြစ်တယ်လို့ စစ်ကိုင်းဒေသ သပိတ်အင်အားစုကအသိပေးထားပါတယ်။
"ဒါဟာ ကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက် အောက်မေ့ဖွယ်ဖြစ်သလို သီတင်းကျွတ်လပြည့်နေ့လိုအခါကြီးရက်ကြီးမှာတောင် လူမဆန်စွာ ပြည်သူတွေကို သတ်ဖြတ်ခဲ့တဲ့ စစ်အုပ်စုရဲ့လုပ်ရပ်ကို သွေးမအေးသွားစေဖို့လည်း ရည်ရွယ်ပါတယ်"လို့ စစ်ကိုင်းဒေသ သပိတ်အင်အားစုကပြောထားပါတယ်။

စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေသရွေ့ ပျော်ရွှင်စရာပွဲတော်တွေဟာ ဝမ်းနည်းခြင်း အထိမ်းအမှတ်တွေသာဖြစ်နေဦးမှာဖြစ်တာကြောင့် ပြည်သူအားလုံးပူးပေါင်းပါဝင်ကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။
ဘုံတိုရွာမှာ သီတင်းကျွတ်လပြည့်ည ဆီမီးသပိတ်လုပ်နေတဲ့အချိန်မှာ စစ်တပ်ကလေကြောင်းဗုံးကြဲချခဲ့တာကြောင့် သေဆုံးသူများပြားခဲ့ပြီး သေဆုံးသူတွေထဲမှာ မုံရွာ-အမြင့်လမ်းသပိတ်ဦးဆောင်ကော်မတီက လူငယ်ခေါင်းဆောင်တွေလည်းပါဝင်ခဲ့ပါတယ်။




Comments