မြစ်ထဲမျောပါသွားတဲ့ကလေးတွေကိုကယ်ဆယ်ရင်း နောက်ထပ်လူ ၉ ဦး ထပ်မံသေဆုံး
- BVJ

- Jun 29, 2025
- 1 min read
BVJ/Moore _ ဇွန် ၂၉ ၊ ၂၀၂၅

ပါကစ္စတန်နိုင်ငံမြောက်ပိုင်း ပတ်ရှဝါဒေသ မြစ်ရေကြီးမှုအတွင်း ကလေးငယ်တွေ ရေထဲမျောပါသွားတာကြောင့် လိုက်လံကယ်ဆယ်ရင်း နောက်ထပ် လူ ၉ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသဆိုင်ရာတာဝန်ရှိသူတွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဇွန် ၂၇ ရက် မနက်ပိုင်းက မိသားစုတစ်စုဟာ ဆွတ်မြစ်ကမ်းဘေးမှာ အပန်းဖြေမနက်စာစားနေချိန် မိသားစုနဲ့အတူပါလာတဲ့ ကလေးငယ်တွေ မြစ်ကမ်းနံဘေးရေထဲမှာ ဓာတ်ပုံရိုက်နေကြတာလည်း ဖြစ်ပါတယ်။
မြစ်ရေကြီးမှုဟာ အချိန်တိုအတွင်း ရုတ်တရက်ဖြစ်ပေါ်လာတာဖြစ်ပြီး ဆယ်လ်ဖီ ဓာတ်ပုံရိုက်နေတဲ့ ကလေးငယ်တွေ ရေထဲမျောပါသွားချိန် မိသားစုဝင်နဲ့ ဆွေမျိုးတွေက လိုက်လံကယ်ဆယ်ရင်း သေဆုံးခဲ့ကြတာဖြစ်တယ်လို့ ခရိုင်တာဝန်ရှိသူ Shehzad Mahboob ကို ပြောပါတယ်။
“သူတို့ (ကလေးတွေ) က ဆယ်လ်ဖီဓာတ်ပုံရိုက်နေကြတာ။ သူတို့ ရေထဲဆင်းတာ အချိန်ခဏလေးပဲ ရှိသေးတယ်။ အဲ့အချိန်မှာ ရုတ်တရက်ရေကြီးပြီး ကလေးတွေ ရေထဲမျာပါသွားတာပဲ။ ရေအားက အတော်ပြင်းတယ်။ ရေနုတ်မြောင်းကနေ ရေဖောက်လိုက်သလိုမျိုး အရှိန်အတော်များတာ”လို့ အတူပါလာတဲ့ ဆွေမျိုးသားချင်းတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
မြစ်ရေကြီးမှုအတွင်း ရေထဲမျောပါသေဆုံးခဲ့တဲ့ ကလေးနဲ့ လူကြီးအရေအတွက် အတိအကျကိုတော့ ပြောဖို့စောလွန်းသေးတယ်လို့ Mahboob က ဆိုပါတယ်။ လက်ရှိ သေဆုံးသူ ၉ ဦးကို ရှာဖွေတွေ့ရှိထားပြီး ၄ ဦး ပျောက်ဆုံးနေကာ ၄ ဦးကို ကယ်ဆယ်ထားနိုင်တယ်လို့လည်း သိရပါတယ်။ မိသားစုဝင်အချို့ ရေထဲမျောပါသွားပြီး ၂ နာရီခန့်အကြာမှာသာ ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်လာတာဖြစ်တယ်လို့လည်း ဒေသခံတွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
“ကယ်ဆယ်ရေးအဖွဲ့တွေ ရောက်မလာခင် ၂ နာရီလုံး ရေထဲမျောပါသွားတဲ့သူတွေကို ကယ်ဆယ်ပေးဖို့ သူတို့တွေ ငိုကြွေးအကူအညီတောင်းနေကြတာ” လို့ အခင်းဖြစ်ပွားတာကို မြင်ခဲ့ရတဲ့ ဒေသခံတစ်ဦးက ခရိုင်တာဝန်ရှိသူကို ပြောပါတယ်။
လူဦးရေ ၁၇ ဦးထက်မနည်းပါလာတဲ့ မိသားစုအဖွဲ့ဟာ တောင်ထူထပ်ပြီး သာယာလှပတဲ့ ဆွတ်တောင်ကြားကို အပန်းဖြေခရီးထွက်လာတာလည်း ဖြစ်ပါတယ်။ ရေထဲမျာပါသွားတဲ့ မိသားစုဝင်တွေကို ဒေသဆိုင်ရာ ကယ်ဆယ်ရေးဝန်ထမ်း ၈၀ ထက်မနည်းက ရှာဖွေကယ်ဆယ်မှုတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
အခင်းဖြစ်ပွားပြီးနောက် ပြည်နယ်ဘေးအန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့က မြစ်ရေကြီးမှု စိုးရိမ်ရေမှတ်ရောက်ရှိနေပြီး ဒေသတွင်း ပြည်သူတွေအနေနဲ့ ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်ဖို့ သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပါတယ်။ ဒေသဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့နဲ့ စီမံခန့်ခွဲရေးအဖွဲ့ကိုလည်း တာဝန်ပေါ့လျော့မှုနဲ့ ယာယီတာဝန်ရပ်ဆိုင်းထားတယ်လို့ ပြည်နယ်အစိုးရက ထုတ်ပြန်ထားပါသေးတယ်။




Comments