နိုင်ငံရေးအကျဥ်းသူ မဝတ်ရည်အောင် ရက်လည်ဆွမ်းသွတ် မဲဆောက်မြို့မှာ ကျင်းပဖို့စီစဥ်ထား
- BVJ

- Jul 28
- 1 min read
အေတီ/BVJ_ ဇူလိုင် ၂၅၊ ၂၀၂၅

ဇူလိုင်၂၀ရက် မနက်ပိုင်းကကျဆုံးသွားတဲ့ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂအမှုဆောင် နိုင်ငံရေးအကျဥ်းသူ မဝတ်ရည်အောင်အတွက် ရက်လည်ဆွမ်းသွတ်ပွဲကို ထိုင်းနိုင်ငံ မဲဆောက်မြို့ မှာ ဇူလိုင်၂၇ရက်မှာ ကျင်းပဖို့ စီစဥ်ထားပါတယ်။
မဝတ်ရည်အောင်နဲ့ထောင်ထဲ တူတူနေခဲ့တဲ့ နိုင်ငံရေးအကျဥ်းသူဟောင်းတွေ၊ ကျောင်းသားသမဂ္ဂ လုပ်ဖော် ကိုင်ဖက်တွေက ဒီပွဲကိုဦးဆောင်ကျင်းပတာဖြစ်ပါတယ်။ပွဲအတွက် လိုအပ်တဲ့ငွေကြေးပံ့ပိုးမှုကိုတော့ လန်ဒန်အခြေစိုက် SMFC အဖွဲ့က ကူညီထည့်ဝင်ပေးတာလို့ သိရပါတယ်။

သူနဲ့ထောင်ထဲမှာတူတူနေခဲ့ရတဲ့မဝတ်ရည်အတွက် ရည်စူးတဲ့ပွဲကို မဲဆောက်မြို့မှာလုပ်ခွင့်ရတဲ့အတွက်ဝမ်းသာမိကြောင်း နိုင်ငံရေးအကျဥ်းသူများအဖွဲ့တာဝန်ခံ မဇူးဇူးမေယွန်းက ပြောပါတယ်။
“ဒီပွဲက ကျွန်မတို့ နိုင်ကျဥ်းအမျိုးသမီးအဖွဲ့အနေနဲ့ မဲဆောက်မှာ ပထဆုံးလုပ်ခွင့်ရတဲ့ပွဲပါ။ ကိုယ့်ရဲ့ရဲဘော်တယောက်ကျဆုံးတဲ့ရက်လည်အခမ်းအနားကို ကျွန်မတို့ နိုင်ကျဥ်းသူများအဖွဲ့ က ဦးဆောင်လုပ်ခွင့်ရတယ်ဆိုတော့ ဝမ်းသာဂုဏ်ယူမိသလို တဖက်မှာလဲ စိတ်လှုပ်ရှားဝမ်းနည်းမိပါတယ်။ ဒီပွဲဖြစ်မြောက်ဖို့ ၈၈မျိုးဆက်အကိုအမတွေ၊ ကျောင်းသားသမဂ္ဂက ကျောင်းသူကျောင်းသားတွေရဲ့ ပံ့ပိုးကူညီမှုကြတဲ့ အရမ်းအားတက်ရပါတယ်။ ဒီလိုအင်တိုက်အားတိုက်ကူညီကြတာတွေ့ရတော့ ဝတ်ရည်လေးအတွက် ဝမ်းနည်းဝမ်းသာဖြစ်ရပါတယ်။ လွှတ်ပေးသင့်တာကို မလွှတ်ပေးလို့ကျဆုံးခဲ့ရတဲ့ မဝတ်ရည်လေးအတွက် လုပ်ဆောင်လို့ရတာမှန်သမျှ ကျွန်မတို့ဆက်ပြီးလုပ်ဆောင်သွားပါမယ်"
မဝတ်ရည်အောင်ရဲ့ ရက်လည်အခမ်းအနားကျင်းပမယ့် ကုန်ကျစားရိတ်ကို စိုက်ထုတ်ကျခံပေးခွင့်ရတဲ့အတွက်ဝမ်းသာမိကြောင်း လန်ဒန်အခြေစိုက် Stars of Myanmar Friendship အဖွဲ့တည်ထောင်သူ ကိုဂျော့ချ်ဗညားက ပြောပါတယ်။
“မဝတ်ရည်အောင်နဲ့ ထောင်ထဲတူတူနေခဲ့ရတဲ့သူတွေ ၊ကျောင်းသားသမဂ္ဂမှာ သူနဲ့လက်တွဲခဲ့တဲ့သူတွေက မဲဆောက်မှာ ရက်လည်ဆွမ်းကျွေးပွဲလေးတစ်ပွဲလုပ်ချင်တယ်လို့ပြောလို့ သူတို့ဆန္ဒကိုတတ်နိုင်တဲ့ဘက်က ပါဝင်ဖြည့်ဆည်းပေးလိုက်တာပါ။ ဒီပွဲအတွက် ကုန်ကျစားရိတ်ကို လွိုင်ကော်အကျဥ်းထောင်က နိုင်ငံရေးအကျဥ်းသားတွေရေးထားတဲ့ ‘ဗူးဝ’ စာအုပ်ရောင်းရငွေထဲက ကျခံခဲ့တာပါ။ နိုင်ငံရေးအကျဥ်းသူတစ်ယောက်ကျဆုံးတာကို နိုင်ငံရေးအကျဥ်းသားရေးတဲ့စာအုပ်ကရရှိတဲ့ငွေနဲ့ပံ့ပိုးကူညီတာဟာ လေးနက်တယ်လို့ ကျွန်တော်တို့အနေနဲ့ ယုံကြည်ပါတယ်"
ထိုင်းနိုင်ငံ မဲဆောက်မြို့အခြေစိုက် နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေး အသင်းက ၂၀၂၅ခုနှစ် ဇွန်လ၂၅ရက်နေ့အထိ ကောက်ခံထားတဲ့စာရင်းအရ မြန်မာနိုင်ငံကအကျဥ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဥ်းသား နှစ်သောင်းနှစ်ထောင့်နှစ်ရာကျော် ဖမ်းဆီးထိန်းသိမ်းခံနေရဆဲလို့သိရပါတယ်။







Comments