နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင်အရိုးပြာကို ဂူသွင်း
- BVJ

- Jul 22, 2025
- 1 min read
BVJ/မိုနာ_ ဇူလိုင် ၂၂၊ ၂၀၂၅


စစ်ကောင်စီရဲ့စစ်ကြောရေးမှာ ညှင်းပန်းနှိပ်စက်မှုဒဏ်တွေနဲ့ ဆေးဝါးကုသမှုလုံလောက်စွာမရခဲ့ဘဲ ထောင်တွင်းသေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင် (ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဗဟိုအလုပ်မှုဆောင်ဟောင်း)ရဲ့ အရိုးပြာကို ဂူသွင်းသင်္ဂြိုလ်လိုက်တယ်လို့ နာရေးကူညီမှုအသင်း-ရန်ကုန်က သိရပါတယ်။



မဝတ်ရည်အောင် အသက်(၂၆)နှစ်ရဲ့ ကျန်ရစ်သောရုပ်ကလာပ်ကို ဒီနေ့ ဇူလိုင် ၂၂ရက် နေ့လယ်မှာ ရေဝေးသုဿန်မှာဂူသွင်းသင်္ဂြိုဟ်ဖို့ နာရေးကူညီမှုအသင်း-ရန်ကုန်က နာယကကြီး ဒေါ်သန်းမြင့်အောင်၊ ရုပ်ရှင်သရုပ်ဆောင် ထွန်းကိုကိုနဲ့ ကူညီမှုအသင်း (ရန်ကုန်) အသင်းသူ/သားတွေက ပို့ဆောင်ကူညီပေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
စစ်တပ်အာဏာသိမ်းဆန့်ကျင်လှုပ်ရှားမှုမှာပါဝင်လို့ဆိုပြီး စစ်ကောင်စီက ထောင်ဒဏ် (၇)နှစ်ချမှတ်ထားတဲ့မဝတ်ရည်အောင်ကို သေဆုံးပြီးချိန်မှသာ အကျဉ်းဦးစီးဌာနက အမိန့်စာပြန်လွှတ်ပေးခဲ့တာဖြစ်ပြီး မဝတ်ရည်အောင်ရဲ့နာရေးမှာလည်း အရပ်ဝတ်နဲ့လုံခြုံရေး အဖွဲ့ဝင်တွေက စျာပနအခမ်းအနားထဲထိအနီးကပ်ဝင်ရောက်ကာ လာရောက်သူတွေကိုလည်း မှတ်တမ်းတင်တာတွေ ပြုလုပ်ခဲ့ပါတယ်။


မဝတ်ရည်အောင်ကို စစ်ကောင်စီကဖမ်းဆီးထားချိန်အတွင်း စစ်ကြောရေးမှာ ညှင်းပန်းနှိပ်စက်မှုတွေရှိခဲ့ပြီး ထောင်ကျချိန်မှာလည်း ထောင်တွင်းဖိနှိပ်မှုတွေကြောင့် ဦးနှောက်အကျိတ်တည်ကာ မကြာခဏတက်ခြင်း၊သတိလစ်ခြင်း နှလုံးရပ်ခြင်းစတဲ့ ဝေဒနာတွေကိုခံစားနေရသူဖြစ်ပေမယ့် ထောင်ကျနေချိန်လေးနှစ်အတွင်းမှာ လုံလောက်တဲ့ဆေးဝါးကုသမှုလည်း မရရှိခဲ့ပါဘူး။


အဲ့ဒီနောက် အခုလ ၂၀ရက်နေ့ မနက်အစောပိုင်းက အင်းစိန်ထောင်ကနေ အင်းစိန်ဆေးရုံကို လွှဲပြောင်းပေးချိန် ဆေးရုံရောက်ပြီးနာရီပိုင်းအကြာမှာ သေဆုံးခဲ့ပါတယ်။

မဝတ်ရည်အောင်သေဆုံးမှုအတွက် တကသကျောင်းသားဟောင်းများအင်အားစုနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်အပါအဝင် ကျောင်းသားအဖွဲ့အစည်းတွေက ဝမ်းနည်းကြောင်းထုတ်ပြန်ထားကြပြီး ဖြစ်စဥ်အတွင်း ကျူးလွန်သူ (သို့မဟုတ်) ပါဝင်ပက်သက်သူတွေအားလုံးကို နောင်တချိန် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု လုပ်ငန်းစဥ်အောက်က ပြည်သူ့တရားရုံးတွေရှေ့မှောက်မှာ ပြစ်ဒဏ်ကင်းလွတ်ခွင့်မရှိစေရေးအတွက် အစွမ်းကုန်ကြိုးပမ်းနေမယ်လို့ ထုတ်ပြန်ပါတယ်။
ဓါတ်ပုံ-နာရေးကူညီမှုအသင်း-ရန်ကုန်




Comments