တကသအလုပ်အမှုဆောင် အကျဉ်းသူတစ်ဦး နှိပ်စက်ဒဏ်ရာတွေနဲ့ ထောင်တွင်းကျဆုံး
- BVJ

- Jul 23, 2025
- 1 min read
BVJ/ ဇော် ၊ ဇူလိုင် ၂၀ ၊ ၂၀၂၅

နိုင်ငံရေးအကျဉ်းသူမဝတ်ရည်အောင်ဟာ စစ်ကြောရေးအတွင်းနှိပ်စက်ညှင်းပန်းမှုဒဏ်၊ အကျဉ်းထောင်အတွင်းဖိနှိပ်မှုဒဏ်တွေနဲ့ အကျဉ်းဦးစီးဌာနရဲ့ လုံလောက်တဲ့ဆေးဝါးကုသခွင့်မပေးခဲ့ဘဲ အယောင်ပြဆေးဝါးကုသခဲ့တဲ့ဒဏ်တွေကြောင့် ဒီနေ့မနက် ဇူလိုင်လ ၂၀ ရက်နေ့မှာကျဆုံးခဲ့တယ်လို့ သိရပါတယ်။
ထောင်ဒဏ် ၇နှစ်ချမှတ်ခံထားရတဲ့ မဝတ်ရည်အောင်ဟာ အင်းစိန်ထောင်တွင်းမှာပဲ သေဆုံးသွားရတာဖြစ်တယ်လို့ တကသများအဖွဲ့ချုပ်က သိရပါတယ်။
မဝတ်ရည်အောင်ဟာ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အလုပ်အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး စစ်တပ်အာဏာသိမ်းမှုကိုဆန့်ကျင်ခဲ့တာကြောင့် ၂၀၂၁ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့ ညပိုင်းမှာ ကျောက် တံတားမြို့နယ်အတွင်း အခြားကျောင်းသား (၅) ဦးနဲ့ အတူ စစ်ကောင်စီကဖမ်းဆီးတာကိုခံခဲ့ရပါတယ်။
ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးမှာ စစ်ကောင်စီတပ်ရဲ့ နှိပ်စက်ညှင်းပန်းမှုတွေကြောင့် ဦးခေါင်းအတွင်း ဒဏ်ရာရရှိကာ မကြာခဏ သတိလစ်ခြင်း၊ လေဖြန်းခြင်း၊ တက်ခြင်း၊ နှလုံးရပ်ခြင်းတို့ ဖြစ်ပေါ်လေ့ရှိခဲ့ပြီး အကျဉ်းထောင်အတွင်း ဖိနှိပ်မှုတွေနဲ့ ဆေးဝါးကုသခွင့်အကြိမ်ကြိမ်တောင်းခံခဲ့ပေမယ့် မရရှိခဲ့တဲ့အတွက်ကြောင့် ရောဂါအခြေအနေပိုမိုဆိုးရွားလာခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့က အတည်ပြုထုတ်ပြန်ထားပါတယ်။
ဆေးဝါးကုသမှုလိုအပ်နေတဲ့ နိုင်ငံရေးအကျဉ်းသူ မဝတ်ရည်အောင်ကို စစ်ကောင်စီတပ်က ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်ခဲ့ပြီးနောက် ဒိုက်ဦးအကျဉ်းထောင်ကိုပို့ခဲ့ပါတယ်။
ဒိုက်ဦးအကျဉ်းထောင်အတွင်း ကျန်းမာရေးအခြေအနေ ပိုမိုဆိုးရွားလာတဲ့အတွက် ဆေးကုသဖို့ အကြောင်းပြချက်နဲ့ အင်းစိန်အကျဉ်းထောင်ကိုပြန်ပို့ပြီး ၂၀၂၃ ခုနှစ် ဇွန်လ ၂၇ ရက်နေ့မှာ ပုဒ်မ ၅၂ (က) နဲ့ ထောင်ဒဏ် ၄ နှစ် ထပ်မံချမှတ်ခဲ့တာဖြစ်ပါတယ်။
မဝတ်ရည်အောင်ဟာ အသက် ၂၂ နှစ်အရွယ်မှာ ဖမ်းဆီးခံခဲ့ရပြီး အကျဉ်းထောင်အတွင်း ၄ နှစ်နီးပါးအကြာမှာကျဆုံးခဲ့တာဖြစ်ပြီး အခုကျဆုံးခဲ့တဲ့အချိန်မှာ အသက် (၂၆) နှစ်သာရှိသေးတယ်လို့သိရပါတယ်။




Comments