top of page

ထိုင်းဘက်ကဖမ်းဆီးပြီး စစ်ကောင်စီထံလွှဲပေးထားတဲ့ လူငယ် ၁၈၀ ခန့်ကို ပလောက်မြို့ စစ်မှုထမ်းအပတ်စဉ် ၁၁ထဲ ထည့်သွင်းထား

  • Writer: BVJ
    BVJ
  • Jun 25
  • 1 min read

BVJ/ထက်အောင် _ ဇွန် ၂၅ ၊ ၂၀၂၅

စစ်ကောင်စီ စစ်မှုထမ်းအပတ်စဉ် ၁၁ ပလောက်မြို့ တိုင်းဗဟို ၁၂ ကနေ ထွက်ပြေးလာတဲ့ လူငယ် ၄ ဦးကို မြိတ်ခရိုင် တပ်ရင်း ၁ က ထိန်းသိမ်းစောင့်ရှောက်ထားစဉ်။
စစ်ကောင်စီ စစ်မှုထမ်းအပတ်စဉ် ၁၁ ပလောက်မြို့ တိုင်းဗဟို ၁၂ ကနေ ထွက်ပြေးလာတဲ့ လူငယ် ၄ ဦးကို မြိတ်ခရိုင် တပ်ရင်း ၁ က ထိန်းသိမ်းစောင့်ရှောက်ထားစဉ်။

တနင်္သာရီတိုင်း ပုလောမြို့နယ် ပလောက်မြို့ တိုင်းဗဟို ၁၂ စစ်သင်တန်းကျောင်းမှာ စစ်ကောင်စီစစ်မှုထမ်းအပတ်စဉ် ၁၁ အတွက် စစ်သားအဖြစ်စုဆောင်းခံရသူ ၃၀၀ ဝန်းကျင်ရှိပြီး အဲဒီအထဲက ၁၈၀ ခန့်ဟာ ထိုင်းနိုင်ငံဘက်ကနေ စစ်ကောင်စီဆီကိုလွှဲပြောင်းပေးထားတဲ့ သူတွေဖြစ်တယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၁ ထံက သိရပါတယ်။


ထိုင်းနိုင်ငံတွင်း အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးခံရတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းအာဏာပိုင်တွေက စစ်ကောင်စီနဲ့လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့တွေကို လွှဲပြောင်းပေးပြီးနောက် စစ်ကောင်စီဘက်က အဲ့ဒီလူတွေကို စစ်မှုထမ်းတပ်သားတွေအဖြစ် ထည့်သွင်းစု‌ဆောင်းလိုက်တာ ဖြစ်ပါတယ်။


အဲ့ဒီလူငယ်တွေဟာ စစ်ကောင်စီစစ်မှုထမ်း အပတ်စဉ် ၁၁ အတွက် အဓမ္မစုဆောင်းခံရပြီးနောက် အမှတ် ၁၂ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း (တိုင်းဗဟို ၁၂) မှာ စစ်သင်တန်းတက်ရောက်နေရချိန် အခုနှစ် မေလနဲ့ ဇွန်လအတွင်းမှာထွက်ပြေးပြီး မြိတ်ခရိုင် တပ်ရင်း ၁ ဆီဝင်ရောက်ခိုလှုံမှုတွေရှိခဲ့တယ်လို့လည်း သိရပါတယ်။


“သူတို့က ပြီးခဲ့တဲ့ မတ်လလောက်မှာ စစ်သားစုဆောင်းခံရတာ၊ သင်တန်းတက်နေတုန်း ထွက်ပြေးလာတာပါ။ လက်နက်တော့ မပါပါဘူး။ … အပတ်စဉ် ၁၁ မှာ သင်တန်းသား ၃၀၀ ဝန်းကျင်ရှိပြီး ၁၈၀ လောက်က ထိုင်းကနေပြန်ပို့‌တာ၊ အခု ဇွန်လမှာ ထွက်ပြေးလာတဲ့သူ လေးဦးထဲက နှစ်ဦးက တနင်္သာရီဒေသခံတွေပါ။ သူတို့မတိုင်ခင် ပြီးခဲ့တဲ့မေလကလည်း အပတ်စဉ် ၁၁ ကပဲ နှစ်ဦးထွက်ပြေးလာတာ ရှိတယ်၊ တစ်ဦးက ထိုင်းဘက်ကပြန်ပို့တာ” လို့ မြိတ်ခရိုင်း တပ်ရင်း ၁ ပြောရေးဆိုခွင့်ရှိသူ ကိုကောင်းခန့်ကျော်က Burma VJ ကို ပြောပါတယ်။


အခုမြိတ်ခရိုင် အမှတ်(၁)တပ်ရင်းဆီကို ဘက်ပြောင်းခိုလှုံလာသူလေးဦးဟာ ထိုင်းနိုင်ငံမှာ ဗီဇာသက်တန်းကုန်တာကြောင့် ထိုင်းအာဏာပိုင်တွေရဲ့ဖမ်းဆီးတာခံခဲ့ရပြီး မြန်မာနိုင်ငံဘက်ကို ပြန်လည်ပို့ဆောင်ခံရချိန်မှာ စစ်မှုထမ်းအဖြစ်စုဆောင်းခံလိုက်ရသူ ဖြစ်ပါတယ်။


စစ်မှုထမ်းအဓမ္မစုဆောင်းခံရသူတွေထဲမှာ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံ တနင်္သာရီတိုင်းဒေသအတွင်း နယ်စပ်ဂိတ်ကနေတဆင့် ပြန်လည်ဝင်ရောက်ချိန်မှာဖမ်းဆီးခံရပြီး အဓမ္မစစ်မှုထမ်းစုဆောင်းခံရသူတွေလည်း ရှိနေတယ်လို့ ကိုကောင်းခန့်ကျော်က ဆက်ပြောပါတယ်။


ဒါ့အပြင် တနင်္သာရီတိုင်းအတွင်းမှာရှိတဲ့ ဒေသခံတွေကိုလည်း ဧည့်စာရင်းစစ်ချိန် မှတ်ပုံတင်ပြနိုင်ပေမဲ့ Smart Card မပြနိုင်တဲ့အတွက် ဖမ်းဆီးမှုတွေရှိနေသလို စစ်သားစုဆောင်းရေးအတွက် သတ်မှတ်ချက်နဲ့ အကျုံးဝင်တဲ့လူငယ်တွေကိုလည်း နေအိမ်အတွင်း ဝင်ရောက်ဖမ်းဆီးမှုတွေရှိနေတယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်းကလည်း ထိုင်း-မြန်မာနယ်စပ် ရနောင်း-ကော့သောင်းကနေတဆင့် ထိုင်းအာဏာပိုင်တွေက စစ်ကောင်စီထံ လူငယ် ၂၉ ဦး လွှဲပြောင်းပေးချိန် အဓမ္မစစ်သားစုဆောင်းခံခဲ့ရပါသေးတယ်။ အဲ့ဒီစစ်သားစုဆောင်းခံရသူတွေကို စစ်ကောင်စီက မြိတ်ကနေတဆင့် ပုလောမြို့နယ် ပလောက်မြို့ကို စက်လှေ သုံးစီးနဲ့ ပို့ဆောင်ချိန်မှာ ခုခံထွက်ပြေးပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNU) တပ်မဟာ ၄ မှာ ဝင်ရောက်ခိုလှုံခဲ့ပါသေးတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page