“ဝ”ထိန်းချုပ်ဒေသမှာ မြေရှားသတ္တုတူးဖော်ဖို့ တရုတ်ပြင်ဆင်နေ
- BVJ

- Jun 13
- 2 min read
BVJ/အိုင်းရစ်_ဇွန် ၁၂ ၊ ၂၀၂၅

မြန်မာနိုင်ငံအရှေ့ခြမ်းဒေသထဲမှာရှိတဲ့ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေကို တရုတ်အစိုးရက ကျောထောက်နောက်ခံပေးထားတဲ့ ပြည်သူ့စစ်အဖွဲ့ (“ဝ”တပ်ဖွဲ့) က အကာအကွယ်ပေးနေတယ်လို့ ဒီအခြေအနေကိုသိရှိထားသူ ၄ ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
မြေရှားသတ္တုဟာ ဝါရှင်တန်နဲ့ တရုတ်အကြား ကုန်သွယ်ရေးစစ်ပွဲမှာ အရေးပါတဲ့ဒြပ်စင်တစ်မျိုးလည်း ဖြစ်ပါတယ်။ ဒါကြောင့် မြေရှားသတ္တုအများဆုံးထွက်တဲ့ မြန်မာနိုင်ငံထဲက မြေရှားသတ္တု တူးဖော်ရေးတွေကို တရုတ်က ထိန်းချုပ်လိုနေတာလည်း ဖြစ်ပါတယ်။ မြေရှားသတ္တုတူးဖော်ရေးနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် မှီခိုနေရချိန် မြန်မာနိုင်ငံ မြောက်ပိုင်းက မြေရှားသတ္တုတွင်းတွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်လိုက်ချိန် မြေရှားသတ္တု တူးဖော်မှုဟာ လုံးဝရပ်တန့်သွားခဲ့ပါတယ်။
ဒါကြောင့် တရုတ်အစိုးရ လုံခြုံစိတ်ချရပြီး သူ ထိန်းချုပ်နိုင်မယ့်နေရာတွေ မြေရှားသတ္တု တူးဖော်ရေးကို လုပ်ကိုင်လိုတာကြောင့် ရှမ်းပြည်နယ် အရှေ့ပိုင်း “ဝ” ဒေသထဲမှာ မြေရှားသတ္တု တူးဖော်ရေးတွေကို စတင်လာတာလည်း ဖြစ်ပါတယ်။ “ဝ”တပ်ဖွဲ့ ထိန်းချုပ်ထားတဲ့ မိုင်းယွန်းဒေသထဲမှာလည်း မြေရှားသတ္တုတွင်း ၂ ခုကို တွေ့ရှိထားတယ်လို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) ကလည်း ပြီးခဲ့တဲ့ မေလ ၁၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။
“အဲ့ဘက်ဒေသတွေက UWSA က ထိန်းချုပ်ထားတဲ့ဒေသတွေတော့ဖြစ်တော့ ဒေသခံတွေကလွဲရင် ဝင်လို့မရသေးဘူး။ လုပ်ကိုင်နေတာကတော့ “ဝ”တပ်ဖွဲ့က လုံခြုံရေးယူပေးပြီးတော့မှ တရုတ်လုပ်ငန်းရှင်တွေ လုပ်ကိုင်နေတယ်လို့တော့ သိထားရတယ်။ တရုတ်လုပ်ငန်းရှင်တွေလာတဲ့လမ်းကြောင်းကလည်း စစ်ကောင်စီတွေရှိတယ်ဆိုတော့ စစ်ကောင်စီတွေကလည်း တစိတ်တပိုင်းတော့ ပတ်သက်မှုရှိတယ်လို့ ပြောလို့ရမယ်” လို့ SHRF သတင်းပြန်ကြားရေးတာဝန်ခံ ယိင်းလျန်းဟန်က Burma VJ ကို ပြီးခဲ့တဲ့ မေလအတွင်းက ဖြေကြားထားပါသေးတယ်။
ကချင်ပြည်နယ်အတွင်းက မြေရှားသတ္တုတူးဖော်မှုတွေ ရပ်တန့်သွားချိန် တရုတ်နိုင်ငံထဲ တင်ပို့နေတဲ့ မြေရှားသတ္တုကုန်ကြမ်းတွေဟာ အခုနှစ် ပထမလေးလပတ်မှာ လိုအပ်ချက်ရဲ့ ထက်ဝက်မျှသာ တင်ပို့နိုင်ခဲ့တယ်လို့ တရုတ်အကောက်ခွန်အချက်အလက်တွေအရ သိရပါတယ်။
အခုချိန်မှာတော့ မြန်မာနိုင်ငံအရှေ့ပိုင်း ရှမ်းပြည်နယ်အတွင်းက တောင်စောင်းတွေမှာ တရုတ်သတ္တုတူးဖော်ရေးသမားတွေက မြေရှားသတ္တု ရှာဖွေတူးဖော်ရေးတွေလုပ်ဆောင်နေတယ်လို့ အဲဒီသတ္တုတွင်းလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ သတင်းရင်းမြစ် ၂ ဦးကလည်း ရိုက်တာသတင်းဌာနကို ပြောပါတယ်။ သတ္တုတူးဖော်ရေးလုပ်ငန်းတွေကို လူ ၁၀၀ ဝန်းကျင်နဲ့ နေ့ညမနား ၂၄ နာရီပတ်လုံး လုပ်ကိုင်နေတယ်လို့ ဆိုပါတယ်။
မိုင်းယွန်းနဲ့ မိုင်းဆတ်မြို့တွေအကြားမှာ သတ္တုတူးဖော်ရေးတွေကိုလုပ်ကိုင်နေပြီး ရရှိလာတဲ့ကုန်ကြမ်းတွေကို တရုတ်နယ်စပ်အနီး ကီလိုမီတာ ၂၀၀ (၁၂၄ မိုင်) အထိ ထရပ်ကားတွေနဲ့ သယ်ဆောင်သွားကြတာကို တွေ့မြင်ခဲ့ရတယ်လို့ အထက်ပါသတင်းရင်းမြစ် ၂ ဦးကလည်း ဆိုပါတယ်။
မိုင်းယွန်းနဲ့ မိုင်းဆတ်မှာ မြေရှားသတ္တုတူးဖော်မှုတွေကို ဂြိုလ်တုကနေတဆင့် ရိုက်ယူထားတဲ့ မှတ်တမ်းဓာတ်ပုံတွေအရ တွေ့ရှိထားရတယ်လို့ SHRF က မေလအတွင်း ထုတ်ပြန်ထားတဲ့ အစီရင်ခံမှာ ဖော်ပြထားသလို ရိုက်တာသတင်းဌာနကလည်း Planet Labs နဲ့ Maxar Technologies က ထောက်ပံ့ပေးထားတဲ့ စီးပွားရေးသုံး ဂြိုလ်တုတွေကနေတဆင့် အတည်ပြုနိုင်ခဲ့လို့ ပါတယ်။
SHRF က ထုတ်ပြန်ခဲ့တဲ့ “ဝ” ထိန်းချုပ်ဒေသတွင်း မြေရှားသတ္တုတွင်းတွေ တွေ့ရှိရတယ်ဆိုတဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး “ဝ”တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးညီရန်းကို Burma VJ က ပြီးခဲ့တဲ့ မေလကတည်းက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အခုထိ ပြန်လည်ဖြေဆိုခြင်း မရှိပါဘူး။
“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ဟာ ရှမ်းပြည်နယ်အတွင်း လက်နက်ကိုင်အဖွဲ့တွေဟာ အင်အားအကြီးဆုံးလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး သံဖြူဒြပ်စင်သတ္တုတွင်းတစ်ခုကိုလည်း ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ တရုတ်အစိုးရနဲ့ ကာလရှည် စီးပွားရေးပတ်သက်ဆက်နွယ်မှုတွေရှိခဲ့ပြီး တရုတ်နိုင်ငံက နောက်ကွယ်ကနေ ထောက်ပံ့မှုတွေလည်း ရှိနေခဲ့တယ်လို့ US Institute of Peace အဖွဲ့ကလည်း ပြောပါတယ်။
ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ သတ္တုမိုင်းတွေဟာ ကချင်ပြည်နယ်ထဲက သတ္တုမိုင်းတွေထက် အရွယ်အစား သေးငယ်ပေမဲ့ တူညီတဲ့ဒြပ်စင်အမျိုးအစားဖြစ်ဖို့များတယ်လို့ Project Blue အတိုင်ပင်ခံလုပ်ငန်း သုတေသနဒါရိုက်တာ Merriman က ဆိုပါတယ်။
ကချင်ပြည်နယ်အတွင်း တရုတ်ကုမ္ပဏီတွေ တူးဖော်ခဲ့တဲ့ ဒြပ်စင်အမျိုးအစားတွေက Terbium (Tb) နဲ့ Dysprosium (Dy) တို့ဖြစ်တယ်လို့ SHRF ကလည်း မေလအတွင်း အစီရင်ခံစာမှာ ဖော်ပြခဲ့သလို အခု ရှမ်းပြည်နယ်အတွင်း တူးဖော်နေတဲ့ ဒြပ်စင်အမျိုးအစားဟာလည်း Terbium (Tb) နဲ့ Dysprosium (Dy) တွေပဲ ဖြစ်နေပါတယ်။
လက်ရှိ တရုတ်-အမေရိကန် ကုန်သွယ်ရေးစစ်ပွဲမှာ အဓိကအရေးပါတဲ့ မြေရှားသတ္တုကုန်ကြမ်းတွေနဲ့ပတ်သက်ပြီး တရုတ်အစိုးရအနေနဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း သူတို့ ကျောထောက်နောက်ခံပေးထားတဲ့ “ဝ”ဒေသအတွင်းမှာ တူးဖော်ရရှိနိုင်ပါက တရုတ်အတွက် လုံခြုံစိတ်ချရပြီး သတ္တုတူးဖော်မှုတွေကို ပိုမိုထိန်းချုပ်ထားနိုင်မှာလည်း ဖြစ်ပါတယ်။ ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ မြေရှားသတ္တု တူးဖော်မှုနဲ့ ရွှေတူးဖော်မှုတွေကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးပြီး မြစ်ကြောင်းတစ်လျှောက် ရေအဆိပ်သင့်မှုတွေလည်း ဖြစ်ပေါ်နေတာကြောင့် အိမ်နီးချင်းထိုင်းနိုင်ငံကလည်း ဝေဖန်ကန့်ကွက်မှုတွေ ရှိနေပါတယ်။







Comments