လွတ်ရက်စေ့နိုင်ငံရေးအကျဉ်းသူတွေကို ပြန်လည်ဖမ်းဆီးခံရမှုအပေါ် WOPPထုတ်ပြန်
- BVJ

- Oct 13
- 1 min read
BVJ/ဇော်_အောက်တိုဘာ ၁၃၊ ၂၀၂၅

အခုနှစ်အတွင်း အကျဉ်းထောင်တွေကနေလွတ်ရက်စေ့နိုင်ငံရေးအကျဉ်းသူတွေကို အကြမ်းဖက်ပုဒ်မတွေနဲ့ ပြန်လည်ဖမ်းဆီးတာတွေပိုမိုဆိုးရွားနေတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) က ဒီနေ့ အောက်တိုဘာလ ၁၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အကျဉ်းထောင်တွေကနေ လွတ်ရက်စေ့ပြီးပြန်လည်လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသူတွေကို စစ်အုပ်စုက ထောင်ဘူးဝမှာပြန်လည်ဖမ်းဆီးတာတွေ၊ လွတ်ရက်စေ့ခါနီးနိုင်ငံရေးအကျဉ်းသူတွေကို တခြားမသက်ဆိုင်တဲ့ ပုဒ်မတွေတပ်ပြီး နောက်ထပ်အမှုကပ်တာတွေဟာ အခုနှစ်ထဲမှာပိုပြီးလုပ်ဆောင်လာတာဖြစ်တယ်လို့ WOPPကဖော်ပြပါတယ်။
ဒီလပိုင်းအတွင်းမှာပဲ နိုင်ငံရေးအကျဉ်းသူနှစ်ဦး ပြန်လည်ဖမ်းဆီးခံရတာမျိုးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ ဦးဆောင်တာဝန်ခံ မဇူးဇူးမေယွန်းက Burma VJ ကို ပြောပါတယ်။
“စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်တွေက လူ့အခွင့်အရေးကြေငြာစာတမ်းအရ တရားမဲ့ဖမ်းဆီးခြင်း မပြုလုပ်ရဆိုတဲ့အချက်ကို ပေါ်ပေါ်ထင်ထင်ချိုးဖောက်နေတာဖြစ်ပါတယ်။ ဥပမာဆိုရင် အခုလပိုင်းအတွင်းမှာပဲ အကျဉ်းထောင်ကနေ မမိုးဆန်းစုကြည်နဲ့ မမေမြတ်သူလွတ်ရက်စေ့ နိုင်ငံရေးအကျဉ်းသူ (၂) ဦးကို ထောင်ဘူးဝမှာပဲ ပြန်ဖမ်းဆီးခဲ့ပါတယ်။ ဒီလိုပဲ လွတ်ခါနီး နိုင်ငံရေးအကျဉ်းသူတွေကို မသက်ဆိုင်တဲ့ အမှုတွေနဲ့ ထပ်အမှုကပ်တာတွေလည်းရှိနေပါတယ်။ ဒီလိုအခြေအနေတွေကို လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေအပါအဝင် ပြည်သူလူထုကလည်း အကျဉ်းထောင်အတွင်း စောင့်ကြည့်လေလာမှုတွေကို ဝိုင်းဝန်းပြုလုပ်ပေးကြဖို့ လိုပါတယ်”
ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့လုပ်ဆောင်နေတာတွေဟာ နိုင်ငံရေးအကျဉ်းသူတွေလွတ်မြောက်မယ့်အပေါ် တမင်ရည်ရွယ်ချက်ရှိရှိနဲ့ လိုသလိုဥပဒေတွေကိုအသုံးချနေတာဖြစ်ပြီး အခုလိုကျူးလွန်နေမှုတွေကို နိုင်ငံရေးအကျဉ်းသူများအဖွဲ့က လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေ၊ လူ့အခွင့်အရေးဆိုင်ရာအဖွဲ့တွေနဲ့ပူးပေါင်းပြီး အကျဉ်းထောင်ထဲကနိုင်ငံရေးအကျဉ်းသူတွေ လွတ်မြောက်ရေးအတွက် စောင့်ကြည့်စုံစမ်းသွားမှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ အသိပေးဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်အုပ်စုဟာ လွတ်ရက်စေ့လို့လွှတ်ပေးရမယ့်သူတွေကိုပြန်မလွှတ်ပေးဘဲ နောက်မှုတွေကပ်ထောင်ထဲပြန်ထည့်တာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။
Burma VJကရရှိထားတဲ့စာရင်းအရ နောက်မှုကပ်ပြန်လည်ဖမ်းဆီးခံရသူတွေဟာ ဒေါ်အောင်ဆန်းစုကြည်သက်တော်စောင့် မချယ်ရီထက်၊ NLDပါတီ ဗဟိုလူငယ်တာ၀န်ခံ မမိုးဆန်းစုကြည်၊ အောက်တိုဘာ ၁ရက်နေ့ သာယာဝတီထောင်ကပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသူ တစ်ဦး၊ နိုင်ငံရေးအကျဉ်းသား (၆)ဦးနဲ့ အခု ၁၀ရက်ကလွတ်ရက်စေ့လို့ပြန်လွတ်ရမယ့် ၈၈ငြိမ်းချမ်းရေးနဲ့ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုဇော်ဝင်းမောင်တို့ဟာ အကြမ်းဖက်ပုဒ်မတွေနဲ့ နောက်မှုကပ်ခံရပြီး ထောင်ထဲပြန်ထည့်ခံထားရပါတယ်။







Comments