top of page

အီရန်-အစ္စရေး နှစ်နိုင်ငံစလုံး အပစ်ရပ်သဘောတူညီချက် ထပ်ပြီးမချိုးဖောက်ကြဖို့ ထရမ့်သတိပေး

  • Writer: BVJ
    BVJ
  • Jun 25, 2025
  • 1 min read

BVJ/Moore _ ဇွန် ၂၄ ၊ ၂၀၂၅

အီရန်နိုင်ငံ နျူကလီးယားစီမံကိန်းနေရာ  ၃ခုကို အမေရိကန်လေတပ်က ဗုံးကြဲတိုက်ခိုက်မှုအခြေအနေ သမ္မတဒေါ်နယ်ထရမ့် စောင့်ကြည့်နေစဉ် (Photo: White House)
အီရန်နိုင်ငံ နျူကလီးယားစီမံကိန်းနေရာ ၃ခုကို အမေရိကန်လေတပ်က ဗုံးကြဲတိုက်ခိုက်မှုအခြေအနေ သမ္မတဒေါ်နယ်ထရမ့် စောင့်ကြည့်နေစဉ် (Photo: White House)

 အီရန်-အစ္စရေးနှစ်နိုင်ငံ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အီရန်က ချိုးဖောက်ပြီး ဒုံးကျည်ပစ်ခတ်မှုတွေ ဆက်လက်လုပ်ဆောင်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ဒီနေ့ ဇွန် ၂၄ ရက် မနက်ပိုင်းမှာ စွပ်စွဲထားပါတယ်။


အပစ်ရပ်ပြီးတဲ့ချိန်နောက်ပိုင်း ဒုံးကျည်ပစ်ခတ်မှုတွေ မလုပ်ဆောင်ခဲ့ဘူးလို့ အီရန်စစ်တပ်ကတော့ ငြင်းဆိုထားပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်-အစ္စရေး နှစ်နိုင်ငံစလုံး အပစ်အခတ်ရပ်စဲဖို့ အဆိုပြုခဲ့ပြီး အရှေ့အလယ်ပိုင်းဒေသမှာ ၁၂ ရက်ကြာ စစ်ပွဲကို အပြည့်အဝအဆုံးသတ်ဖို့ ဇွန် ၂၃ ရက် ညပိုင်းမှာ ပြောကြားခဲ့ပါတယ်။


ဒါပေမဲ့ ထရမ့်ရဲ့ အပစ်အခတ်ရပ်စဲရေးပြောဆိုပြီး နာရီပိုင်းအကြာမှာ အီရန်က အစ္စရေးနိုင်ငံထဲကို ပဲ့ထိန်းဒုံးတွေ အများအပြားပစ်လွှတ်ခဲ့တယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကာ့ဇ်က ပြောဆိုခဲ့ပါတယ်။ အီရန်ရဲ့ပစ်ခတ်မှုကြောင့် ပြည်သူတွေ ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုတွေရှိခဲ့တယ်လို့ဆိုထားကာ အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်တာကြောင့် ပြင်းပြင်းထန်ထန် လက်တုံ့ပြန်သွားမယ်လို့လည်း ကာ့ဇ်က ဆက်ပြောထားပါတယ်။


အီရန်နဲ့ အစ္စရေး နှစ်နိုင်ငံစလုံး အပစ်အခတ်အပြည့်အဝရပ်စဲသွားပြီးလို့ ထရမ့်က ပြောဆိုထားပေမဲ့ လက်ရှိအချိန်အထိ နှစ်နိုင်ငံကြား တင်းမာမှုအရှိန် မြင့်တက်နေဆဲဖြစ်ပါတယ်။ နှစ်နိုင်ငံစလုံး အပစ်အခတ်ရပ်စဲမှုကို ထပ်မံမချိုးဖောက်ဖို့ ထရမ့်က သတိပေးထားပါတယ်။


“အီရန်ရော အစ္စရေးပါ အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှုတွေ ထပ်မလုပ်ကြပါနဲ့။ အစ္စရေးအနေနဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကို မလုပ်ပါနဲ့။ လုပ်ဖို့ ပြင်ဆင်ပြီးပြီဆိုရင်လဲ ပြန်ရုပ်သိမ်းပါ” လို့ ထရမ့်က သူ့ရဲ့ကိုယ်ပိုင်လူမှုကွန်ရက် Truth ကနေတဆင့် သတိပေးရေးသားထားပါတယ်။


နှစ်နိုင်ငံအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နဲ့ပတ်သက်ပြီး အိမ်နီးချင်း တူရကီနိုင်ငံက ကြိုဆိုထောက်ခံခဲ့သလို အားလုံးပါဝင်တဲ့ စောင့်ကြည့်လေ့လာမှုတွေကို ဆက်လက်လုပ်ဆောင်သွားဖို့ လိုအပ်သလို အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး အနီးကပ်စောင့်ကြည့်သွားသင့်တယ်လို့ ဆိုပါတယ်။


၁၂ ရက်ကြာစစ်ပွဲ အပစ်အခတ်ရပ်စဲကြောင်း နှစ်နိုင်ငံ သဘောတူညီမှုထွက်ပေါ်လာပေမဲ့ နျူကလီးယားလက်နက် ထုတ်လုပ်ဖို့အတွက် ယူရေနီယမ်သန့်စင်ထုတ်လုပ်မှုကို အီရန်ခေါင်းဆောင်တွေအနေနဲ့ ဆက်လက်လုပ်ကိုင်နေနိုင်တယ်လို့ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်လည်း စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။


အခု ဇွန် ၂၂ ရက်က အီရန်ရှိတဲ့ နျူကလီးယားစီမံကိန်းနေရာ ၃ ခုကို အမေရိကန်က ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် Fordow ၊ Natanz ၊ Esfahan က နျူကလီးယားစီမံကိန်း အဆောက်အအုံတွေ လုံးဝပျက်စီးသွားပြီလို့ ထရမ့်နဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီးတို့က ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ ဗုံးကြဲတိုက်ပြီးချိန်ထိ အနီးဝန်းကျင်မှာ ရေဒီယိုသတ္တိကြွမှုနဲ့ ဓာတ်ရောင်ခြည်သင့်မှုတွေမရှိခဲ့ဘူးလို့ နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ (IAEA) က ပြောကြားထားပါတယ်။


Ref: AP

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page